ရန်ကုန် ၂၈ အောက်တိုဘာ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာ့ရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် အကျဉ်းထောင်စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိသတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က အဖွင့်အမှာစကားပြေားကြားပြီး အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အကျဉ်းထောင်အတွင်း စာကြည့်တိုက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရေးရာလေ့လာရေးအဖွဲ့ အဖွဲ့ဝင် စာရေးဆရာမောင်ဇေယျာက မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး စာရေးဆရာ မုံရွာအောင်ရှင်တို့က မုဒိတာစကားများ ပြောကြားကြသည်။
ဆက်လက်၍ စိတ်ကူးချိုချိုစာအုပ်တိုက်မှ အယ်ဒီတာဦးလေးမြတ်နှင့် စာအုပ် တိုက်များမှ အလှူရှင်များကိုယ်စား DVB သတင်းဌာနမှ ဆရာ မောင်သာမည တို့က စာအုပ်များပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် မြန်မာ့ရေးရာလေ့လာရေးအဖွဲ့ အဖွဲ့ဝင် စာရေးဆရာ မောင်ဇေယျာတို့က လက်ခံကြပြီး အကျဉ်းထောင်စာကြည့်တိ်ုက်များ ရေရှည်ဖွံ့ဖြိုးရေးအတွက် ဆက်လက်လှူဒါန်းမည့် အစီအစဉ်နှင့် ရှေ့လုပ်ငန်းစဉ်များကို တက်ရောက် လာကြသူများကဆွေးနွေးကြသည်။
ယင်းနောက် အကျဉ်းဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအေးသွင်ကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့လှူဒါန်းပွဲတွင် စိတ်ကူးချိုချို၊ ဓူဝံ၊ သာလွန်၊ လင်းလွန်းခင်၊ ပဉ္စဂံစာအုပ်တိုက်၊ The Key Collection၊ တကောင်းစာပေ၊ လောကမွန်စာကြည့်တိုက်၊ ဆုရောင်စဉ် စာကြည့်တိုက်နှင့် မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ နှင့် ပန်းမန်အသင်းနှင့် စာရေးဆရာများက ငွေကျပ်(၁၇၁) သိန်းကျော် တန်ဖိုးရှိ စာအုပ် စာစောင်မျိုးစုံတို့ကို လှူဒါန်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်နှင့် အလုပ်စခန်းများရှိ အကျဉ်းထောင် စာကြည့်တိုက်များအတွက် စာအုပ်စာစောင်လှူဒါန်းလိုသည့် စေတနာရှင်များ အနေဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဦးကျော်စွာ ဖုန်း ဝ၉၄၂၀၇၃၀၆၁၁၊ လောကမွန် စာကြည့်တိုက် ဦးကြည်ဝင်း ဖုန်း ဝ၉ ၅၁၁၉၇၁၀ နှင့် မြန်မာ့ရေးရာလေ့လာရေး အဖွဲ့ ဦးရဲမြင့်ကျော် ဖုန်း ဝ၉၇၆၆၆၈၇၂၀၃ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


