နေပြည်တော် ၂၉  အောက်တိုဘာ

AA အဖွဲ့က အောက်တိုဘာ ၂၆ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားသူများအနက်မှ ရဲတပ်သားစိုင်းနိုင်အောင်အား ကျောက်တန်းကျေးရွာ၏တောင်ဘက် မီတာ ၁ဝဝ ခန့်၌ တပ်မတော်ရှာဖွေကယ်ဆယ်ရေးစစ်ကြောင်းများက ထပ်မံတွေ့ရှိ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ရဲတပ်သားစိုင်းနိုင်အောင် အပါအဝင် ပြန်လည်လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ အောက်တိုဘာ ၂၆ ရက်တွင် စစ်တွေမြို့ ‌ရွှေနဒီအမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်သို့ သွားရောက်ရန် တပ်မတော်အရာရှိ တစ်ဦးက ၎င်း၏အမည်၊ ရာထူးဖော်ပြ၍ လက်မှတ်ဝယ်ယူရာမှစတင်၍ သတင်းပေါက်ကြားမှု ဖြစ်ပွားခဲ့ပြီး ရေမျက်ကျေးရွာ (ရွာဟောင်း)အနီးတွင် AA အဖွဲ့က ရေယာဉ်အားရပ်တန့်၍ ပါရှိလာသည့် ခရီးသည်များထဲမှ လက်မှတ်ဝယ်သည့် အရာရှိအမည်အား ခေါ်ဆို၍ ၎င်းအရာရှိနှင့် ခရီးသည်အချို့ကို ဦးစွာဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။

ကျန်ရှိသည့် ခရီးသည်များအား ငစံဘော်ချောင်းဘေးအတိုင်း ရေမျက်ကျေးရွာ(ရွာသစ်)အနီး ကမ်းနားသို့ ခေါ်ဆောင်သွားခဲ့ပြီး စက်လှေသုံးစင်းဖြင့် ခရီးသည်အချို့အား ကျောက်တန်းကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ စက်လှေလုံလောက်မှုမရှိ၍ AA အဖွဲ့အချို့နှင့် ခရီးသည်အချို့မှာ အဆိုပါ ကမ်းစပ်နား၌ စောင့်ဆိုင်းနေစဉ်ရဲတပ်သား စိုင်းနိုင်အောင်အပါအဝင် ငါးဦးအား ကြိုးဖြင့်တုပ်၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ရေထဲသို့ပစ်ချခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲတပ်သားစိုင်းနိုင်အောင်မှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး ရေထဲသို့မျောပါသွားခဲ့ကာ ကျောက်တန်းကျေးရွာအနီး သို့အရောက် တပ်မတော်၏ ရှာဖွေကယ်ဆယ်ရေးစစ်ကြောင်းများနှင့် တွေ့ရှိခဲ့သဖြင့် ယခုကဲ့သို့ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများအား ဝေဟင်မှ ရဟတ်ယာဉ်များကလည်းကောင်း၊ မြေပြင်ရှိ တပ်မတော်စစ်ကြောင်းများကလည်းကောင်း ပေါင်းစပ်ညှိနှိုင်း၍ အမြန်ဆုံးကယ်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူများ အနက် ၁၅ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိနေသူများအားလည်း အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် သတင်းပေါက်ကြားမှုနှင့်ပတ်သက်၍ ရွှေနဒီအမြန်ရေယာဉ်လိုင်းအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်