အောင်လံ   ၂၉  အောက်တိုဘာ

 

အောင်လံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ချည်မျှင်ရှည်ဝါစံပြကွက်နှင့် သုတေသန စမ်းသပ်ကွက်များတွင် တောင်သူများအားသရုပ်ပြအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက ဝါသီးနှံမျိုးသန့်ခြံ(အောင်လံ)၌ ပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ တောင်သူ(၇၅)ဦးတို့ တက်ရောက်ကြသည်။

 

ကွင်းသရုပ်ပြပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်နှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုတို့က  အမှာစကားများပြောကြားကာ  ဝါသီးနှံမျိုးသန့်ခြံ(အောင်လံ)တွင် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထားသော ဝါသီးနှံစိုက်ခင်းများ၊ သုတေသနစမ်းသပ်ကွက်များနှင့် ရွှေတောင်(၈)၊ ငွေချည်(၆)၊ ငွေချည်(၉) ချည်မျှင်ရှည်ဝါစိုက်ခင်းများ၏ အထွက်တိုးနည်းစနစ်များနှင့် ထူးခြားချက်များ၊ လေ့လာတွေ့ရှိချက်များကို ခြံတာဝန်ခံ ဒေါ်အေးအေးမြင့်မှ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများနှင့်တောင်သူများက ဝါသီးနှံမျိုးသန့်ခြံအတွင်းရှိ ဝါစိုက်ခင်းများအား လှည့်လည်ကြည့်ရှု လေ့လာကြပြီး သိရှိလိုသမျှမေးခွန်းများကို  ခြံတာဝန်ခံနှင့် ဝန်ထမ်းများက ပြန်လည်ဖြေကြား ပေးခဲ့ကြကြောင်း သိရသည်။

 

မိုးကိုကို(အောင်လံ)