ကော့ကရိတ် ၂၉ အောက်တိုဘာ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် ကျေးရွာအုပ်စု (၅၃)အုပ်စု ကျေးရွာ(၂၅၈)ရွာမှ ဦးစားပေး ရွေးချယ်ထားသော စီမံကိန်းလုပ်ငန်းခွဲ(၁၇၄)ခုအား မြို့နယ်စီမံကိန်း ရေးစွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီမှ စိစစ်အတည်ပြုခြင်း အစည်းအဝေးအား ယမန်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကရင်ပြည်နယ် လွှတ်တော် ဒုတိယဉက္ကဌ ဒေါ်နန်းသူဇာဝင်းမှ ကျေးရွာမှ ရွေးချယ်တင်ပြလာသော လုပ်ငန်းများသည် ကျေးရွာတွင် အလိုအပ်ဆုံး ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်၍ ပူးပေါင်းကူညီဆောင်ရွက်ပေးရန် သက်ဆိုင်ဌာနဆိုင်ရာများမှ ဆောင်ရွက်မည့် ဘတ်ဂျက်လုပ်ငန်းများ မထပ်စေရေးနှင့် လိုအပ်သော နည်းပညာများ ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုမှ လူထုဗဟိုပြုစီမံကိန်းသည် အကျိုးရှိပြီး ထိရောက်အောင်မြင်သော ဒေသဖွံ့ဖြိုးရေး စီမံကိန်း ဖြစ်သဖြင့် ကျေးရွာမှ ရွေးချယ်တင်ပြလာသော လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ တက်ရောက်လာသော မြို့နယ်စီမံကိန်းရေးစွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဌာနဆိုင်ရာများအား လုပ်ငန်းစိစစ် အတည်ပြုပေးခြင်းနှင့် လိုအပ်သော နည်းပညာများ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်ကျေးလက်ဦးစီး မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖေါ့မှ လူထုဗဟိုပြုစီမံကိန်းဖြင့် ကျေးရွာမှ ရွေးချယ် တင်ပြထားသော (ပညာရေး အဆောက်အဦး လမ်းတံတား မီးလင်းရေး ကျေးရွာခန်းမ ဆောင်ရေပေးရေး လုပ်ငန်းများ ကဏ္ဍအလိုက် စီမံကိန်း လုပ်ငန်းခွဲစုစုပေါင်း (၁၇၄)ခုအား ရှင်းလင်းပြောကြားပြီးမြို့နယ် (TPIC)မှ ဌာနဆိုင်ရာ ဘတ်ဂျက်လုပ်ငန်းများ ထပ်/မထပ် စိစစ်အတည်ပြုခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာများ အကြံပြုဆွေးနွေးပြီး ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရန် ကောက်ယူစုဆောင်းမည့် အချက်အလက်များအား စီမံကိန်း မြို့နယ်နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောသန်းစိုးမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ကော့ကရိတ်ပြန်ဆက်)


