မိတ္ထီလာ ၂၉ အောက်တိုဘာ
မိတ္ထီလာမြို့နယ်၌ အများပြည်သူနှင့် ဌာနဆိုင်ရာများအကြား ထိတွေ့ဆက်ဆံမှု ခိုင်မာအားကောင်း လာစေရန် အမျိုးသမီးများ၏ အခန်းကဏ္ဍမှ ပြည့်ပြည့်ဝဝကူညီပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ခြင်းလုပ်ငန်း စီမံချက်မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က Grand Cosmos Hotelတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ White Marker Group ၏ တည်ထောင်သူ ဒေါ်လေးလေးနိုင်နှင့် ဝမ်းတွင်းမြို့နယ် ကျန်းမားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမြသက်အေးတို့က အမှာစကားပြောကြားခဲ့ပြီး ဦးဇင်မင်းဖြိုး က အစိုးရဌာနများ၏ လုပ်ထုံးဓလေ့များတွင် ပြည်သူတို့၏ သဘောဆန္ဒအား ပိုမိုအခြေပြု၍ လုပ်ဆောင်လာ စေရန်နှင့် ၎င်းလုပ်ထုံးများ ၊ မူဝါဒများတွင် အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ခြင်း၊ အမျိုးသမီးများ၏ လုံခြုံမှုအား ထည့်သွင်းစဉ်းစားလာစေရန်နှင့် ဒေသတွင်း ပြည်သူများ၏ အကျိုးစီးပွား မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများတွင် ရွေးကောက်ခံကိုယ်စားလှယ်များနှင့်ပြည်သူများအကြား ချိတ်ဆက်ပေးရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှ ပြည့်ပြည့်ဝဝကူညီပေးနိုင်ရန်တို့အတွက် အမျိုးသမီးများ၏ လုံခြုံမှု၊ စွမ်းဆောင်ရည် မြင့်မားမှု၊ ဦးဆောင်နိုင်မှုများ မြင့်တက်လာစေရန် အမျိုးသမီးများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများအကြား ထိတွေ့ဆက်ဆံမှု ၊ချိတ်ဆက်လုပ်ဆောင်မှု၊ အပြန်အလှန် အပြုသဘောဆောင်သော တာဝန်ယူမှုများဖြင့် ဖော်ဆောင်နိုင်စေရန်စသည့် စီမံကိန်း မျှော်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက် လာသူများက စီမံကိန်းနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ ဒေါ်လေးလေးနိုင်နှင့် ဦးဇင်မင်းဖြိုးတို့က ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မိတ္ထီလာ၊မလှိုင်၊သာစည်၊ဝမ်းတွင်းမြို့နယ်များရှိ ဌာနဆိုင်ရာအကြီးအကဲများ နှင့် အရပ်ဘက်အဖွဲ့အစည်းအသီးသီးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


