ဟားခါး  ၂၉     အောက်တိုဘာ    

           

ချင်းပြည်နယ်လူမှုဝန်ထမ်းဉီးစီးဌာနနှင့် ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံတို့ ပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာကဏ္ဍများအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ CACC ခန်းမ၌ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဉီးငွန်အေး၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ စီမံကိန်းဒါရိုက်တာ ဒေါ်အေနီဇိန်နှင့် ဝန်ထမ်း များ၊  INGO , NGO များမှဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။      

 

အစီအစဉ်အရ ရှေးဉီးစွာ  လူမှုရေးဝန်ကြီးက “မိမိတို့ချင်းပြည်နယ်အနေဖြင့် လေ့လာတွေ့ရှိရ သော စာရင်းများအရ မြန်မာနိုင်ငံအတွင်း မသန်စွမ်းဖြစ်မှု ဒုတိယအများဆုံးဖြစ်ပါကြောင်း၊ မသန်စွမ်း ဖြစ်မှုလျော့ချရေးနှင့် မသန်စွမ်းမှုအားကဏ္ဍတိုင်းတွင်ထည့်သွင်းစဉ်းစားနိုင်ရေး ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲရလဒ်များကိုအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းပြုစု စောင့်ရှောက်သူများထံမှ အကြံဉာဏ်များ၊ နည်းလမ်းများရယူကာ လူမှုရေးဝန်ကြီးဌာနအနေဖြင့် ဘက်ပေါင်းစုံကူညီဆောင်ရွက်နိုင်ရေးကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ရရှိနိုင်ရေး ထိထိရောက်ရောက် ဆွေးနွေးပေးကြစေလိုပါတယ်ဟုအမှာစကားပြော ကြား သည်။                      

                                                                                               

ဆက်လက်ပြီး ချင်းပြည်နယ် လူမှုဝန်ထမ်းဉီးစီးဌာနမှ ညွှန်ကြားရေးမှူးဉီးအေးမင်းညွန့်က ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံနှင့်ပူးပေါင်း၍ ချင်းပြည်နယ် မသန်စွမ်းဖြစ်သူများအတွက် ဖွံ့ဖြိုးရေးကဏ္ဍများကို စနစ်တကျပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများ အတွက် ကောင်းမွန်သည့်လူမှုအသိုက်အဝန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်း အစီမံများရရှိနိုင်ရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။                 

 

ထို့နောက်ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ စီမံကိန်းဒါရိုက်တာ ဒေါ်အေနီဇိန်က ချင်းပြည်နယ်၏ ပထဝီအနေအထား၊ လူနေမှုဓလေ့စရိုက်များနှင့်ကိုက်ညီသော၊ မသန်စွမ်းဖြစ်သူများ အတွက် အဓိကစိန်ခေါ်မှုများ၊ အခက်အခဲများကျော်လွှားနိုင်ရေး စီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြသည်။

 

ချင်းပြည်နယ် ဟားခါးမြို့တွင်ရှိသည့် ဧဒင်မသွန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံအနေဖြင့် စီမံကိန်းကာလ ၂၀၁၈ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ်စက်တင်ဘာလ ၃၀ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း ဟားခါး၊ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်နှင့်မတူပီမြို့နယ်(၆)မြို့နယ် အတွင်း ကျေးရွာပေါင်း ၇၈ ရွာတွင် မသန်စွမ်းဆိုင်ရာလုပ်ငန်းစဉ်များလျှော့ချရေးကူညီဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့စတင် ကျင်းပသည့် ၂ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသောရလဒ်များကို အခြေခံကာ လုပ်ငန်းစီမံချက် (Action Plan)တစ်ခုကိုရေးဆွဲ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။  

                                                                                                                                                        မြင့်နိုင်စိုး(ပြန်/ဆက်)