၂၉ အောက်တိုဘာ

 

ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ  ယခုဘဏ္ဍာနှစ်အတွင်း ထပ်တိုးဝင်ရောက်လာ မည်ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ  ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

 

"ဂျပန်ရဲ့သဘောက ရင်းနှီးမြှုပ်နှံမှုကို သေချာစိစစ်ပြီးတော့မှ ဝင်လာတဲ့လုပ်ငန်းမျိုးတွေရှိပါတယ်။ နောက်တစ်ခါသူကလည်း တာဝန်ယူမှုရှိတဲ့ရင်းနှီးမြှုပ်နှံမှုကို ပိုပြီးဂရုစိုက်ပါတယ်။ ဒါကြောင့်မို့ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဒီဘဏ္ဍာနှစ်ထဲ ထပ်တိုးလာအုံးမယ်လို့ မျှော်လင့်ပါတယ်"ဟု ဦးသန့်စင်လွင် က ပြောသည်။

 

ထို့ပြင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် တာဆူနေပြီး သီလဝါအထူးစီးပွားရေးဇုန်သည် ဂျပန်နိုင်ငံနှင့် စတင်ဆောင်ရွက်ခြင်းမှာ ပေါ်လွင်ထင်ရှားသည့် သင်္ကတေတစ်ခုဖြစ်သည့်အပြင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှလည်း ကူညီဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

 

"အဓိကကတော့ ဂျပန်နိုင်ငံက ကျွန်တော်တို့ကို ဘက်ပေါင်းစုံကနေ ကူညီဆောင်ရွက်ပေး နေတာတွေရှိပါတယ်၊ လမ်းတို့၊ ရထားတို့၊ သုတေသနတို့၊ ဌာနတိုင်း လိုလိုမှာလို JICA နဲ့ ပတ်သက်ပြီးတော့မှ အဆက်အဆံလုပ်ထားတာပေါ့၊ ကျွန်တော်တို့ဌာနအပါအဝင် JICA ရောက်ရှိထားတဲ့ ဌာနတော်တော်များများရှိပါတယ်"ဟု ဦးသန့်စင်လွင် က ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက်အတွင်းကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျပန်အစိုးရ၏ ဖိတိကြားချက်အရ ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲသို့ တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးနှင့်တွေ့ ဆုံပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေး၊ သီလဝါအထူးစီး ပွားရေးဇုန်အပါအဝင် မြန်မာ-ဂျပန် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Meiji Kinenkan ၌ ကျင်းပသည့် ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာအစိုးရအနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုလျက်ရှိပြီး အသွင်ကူးပြောင်းမှု များတွင် အတူတကွလက်တွဲကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံရန် ကြိုဆိုဖိတ်ခေါ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

လက်ရှိ မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၀ ရှိသည့်အနက် ဂျပန်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုပမာဏသည် အဆင့် ၁၀ နေရာတွင် ရပ်တည်နေပြီး ၁၉၈၈ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက် အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၁၁၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၏ စာရင်းများအရ သိရသည်။

 

ထို့ပြင် အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူးစီးပွားရေး ဇုန်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ ထားသည့် လုပ်ငန်းပေါင်း ၃၉ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၆၇၀ ကျော်ရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

 

လက်ရှိအချိန်အထိ ဂျပန်နိုင်ငံ က မြန်မာနိုင်ငံတွင် လာရောက်ရင်း နှီးမြှုပ်မှုလုပ်ငန်းပေါင်း ၁၅၀ ကျော် ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံခန့်ရှိ သည်။

 

Nyein Nyein