မန္တလေး ၂၉ အောက်တိုဘာ
မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒနှင့် အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်များကို ကျယ်ပြန့်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးခရိုင်လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်းနှင့် မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၉)နာရီမှ (၄)နာရီအထိ မဟာအောင်မြေမြို့နယ် တာရိန်လမ်း(စိန်ပမ်းလမ်းနှင့် ကမ်းနားလမ်းကြားရှိ စိန်ပန်းအားကစားရုံ ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မန္တလေးခရိုင် လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်းကို ခရိုင်အတွင်းရှိ မြို့နယ်(၇)ခုမှ ကိုယ်စားလှယ် (၁)ဦးစီနှင့် လူငယ်မူဝါဒရေးဆွဲရာတွင် ပါဝင်ခဲ့သော အထူးအလေးပေးရမည့် လူငယ်အမျိုးအစားထဲမှ မသန်စွမ်း လူငယ်ကိုယ် စားလှယ် (၁)ဦး၊ ကွဲပြားစုံလင်သော လိင်စိတ်တိမ်းညွတ်မှုရှိသည့် LGBTI လူငယ်ကိုယ်စားလှယ် (၁)ဦး၊ အမျိုးသမီးလူငယ် ကိုယ်စားလှယ် (၁)ဦး စုစုပေါင်း (၁၀)ဦး ရွေးချယ်မည်ဖြစ်ကာ အတွင်းရေးမှူး သို့မဟုတ် အတွင်းရေးမှူးအဖွဲ့၊ ခရိုင်ကိုယ် စားလှယ်တစ်ဦးတို့ကို (၁၀)ဦးထဲမှ ပြန်လည်ရွေးချယ်မည်ဖြစ်သည်။
မန္တလေးခရိုင်အတွင်းရှိ မြို့နယ် (၇)မြို့နယ်အတွင်း နေထိုင်ကြသော အသက် (၁၅)နှစ်မှ (၃၅)နှစ် အတွင်းရှိ နယ်ပယ်အသီးသီမှ လူငယ်ထုများအနေဖြင့် လူငယ်ရေးရာမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် ကိုယ်တိုင် ပါဝင်တက်ရောက် အရွေးချယ်ခံခြင်းနှင့် ဆန္ဒပြုမဲပေးနိုင်ရန် ဖိတ်ကြားရေးအဖွဲ့မှ ဖိတ်ကြားထားကြောင်း သိရသည်။
ထွန်းထွန်းနိုင်


