ကမမောင်း ၂၉ အောက်တိုဘာ
ကရင်ပြည်နယ်၊ ကမမောင်းမြို့တွင်း၌ ဖြတ်သန်းဖောက်လုပ်ထားသော ဖာပွန်-ကမမောင်း-ဝါးဘိုးတောကားလမ်းအပိုင်းရှိ မိုင်တိုင်အမှတ်(၉၀)ကီလိုမီတာနှင့် (၉၁)ကီလိုမီတာအကြား ကားလမ်းအပိုင်းအား ကမမောင်းမြို့ လမ်းဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ခုနှစ်ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းတာပေါင် မြှင့်တင်ခြင်း နှင့် ကျောက်ချောကတ္တရာခင်းခြင်း လုပ်ငန်းအား ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကားလမ်းအပိုင်းသည် ရပ်ကွက်များအတွင်း ရေလျှံမှုမရှိစေရေးအတွက် အစိုးရနှင့်ပြည်သူလူထု ပူးပေါင်း၍ ဖောက်လုပ်ထားသော ရေနုတ်တူးမြောင်းအား ဖြတ်သန်း ဖောက်လုပ်ထားရသဖြင့် မိုးရာသီကာလ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် သံလွင်မြစ်ရေလျှံသည့် အချိန်များတွင် အိမ်စီးမော်တော်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်ငယ်များ၊ ကုန်ပစ္စည်းတင်သည့် မော်တော်ယာဉ်များမှာ ကားလမ်းရေကျော်မှုများကြောင့် ကုန်စည်စီးဆင်းမှုများနှင့် ခရီးသွားလာမှုများ နှောင့်နှေးကြန့်ကြာခဲ့ကြရသည်။
ထို့အတွက်ကြောင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်(၁၄၇)ကီလိုမီတာ၊ အကျယ်(၅.၅) မီတာ၊ အမြင့်(၁)မီတာရှိသော လမ်းတာပေါင်မြှင့်တင်ခြင်းနှင့် ကျောက်ချောကတ္တရာခင်းခြင်း လုပ်ငန်းကို ကမမောင်းမြို့လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းလင်းအောင်နှင့် လမ်းလုပ်သားများက တာဝန်ယူ၍ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လင်းသန့်


