မြိတ်  ၂၉ အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး ၀န်ကြီးများ၊ တိုင်းဒေသကြီး ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ(၂၉)ရက် နံနက်ပိုင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တနင်္သာရီ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုဖိုရမ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် မြိတ်ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က မကြာမီကျင်းပမည့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုဖိုရမ် ကြိုတင် ပြင်ဆင်ရေး ညှိနှိုင်းဆောင်ရွက်မှုများ၊ အစည်းအဝေးများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု များပြား သဖြင့် ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံမှု ဖိုရမ်သည် ပွဲလုပ်ပြီး ပြီးလွယ်ပျောက်လွယ် ပုံစံမျိုးမဖြစ်စေဘဲ ထိုပွဲမှတဆင့်ရလဒ်များနှင့် အကျိုးအမြတ်များ ရရှိရန် ဆောင်ရွက်သည့်အပိုင်းတွင် မြိတ်ဒေသအပါအဝင် ကျန်ရှိသောမြို့နယ်များတွင်လည်း ရင်းနှီးမြုပ်နှံမှု ဖိုရမ်မှ ထွက်ပေါ်လာမည့် စီးပွားရေးဆိုင်ရာရလဒ်များ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ရလဒ်များကို မျှော်မှန်ထားကြောင်း အမှာစကားပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီး ၀န်ကြီးများက ကဏ္ဍအလိုက် ရှင်းလင်းပြောကြားကြပြီး ဌာနဆိုင်ရာတာဝန်ရှိ သူများက သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြရာ ၀န်ကြီးချုပ် က လုပ်ငန်းတစ်ခုအောင်မြင်ရန် ဌာနတစ်ခုနှစ်ခုတည်းနှင့် ပြီးပြတ်သည့်ကိစ္စမရှိကြောင်း၊ ဌာနများပေါင်းစပ်ပြီး ဆောင်ရွက်ပေးရမည့် ကိစ္စများ များပြားပါကြောင်း၊ ဌာနဆိုင်ရာများတွင်  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် တာဝန်ထမ်းနိုင်သော အခွင့်အရေးရှိမှသာလျှင် တိုင်းဒေသကြီး၏ လုပ်ငန်းဆောင်တာများ အောင်မြင်နိုင်မည် ဖြစ်ကြောင်း နိဂုံးချုပ် အမှာစကားပြောကြားသည်။

ဆက်လက်၍ ၀န်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရင်းနှီးမြုပ်နှံမှုဖိုရမ်လာရောက်ကြမည့် ဧည့်သည်များ အဆင်ပြေစေရေးအတွက် မြိတ်လေဆိပ်၊ ရင်းနှီးမြုပ်နှံမှုဖိုရမ် အစည်းအဝေး ကျင်းပမည့် ပုလဲသန္တာဟိုတယ်နှင့် ရင်းနှီးမြုပ်နှံမှုဖိုရမ် ပြခန်းများကျင်းပမည့် Seaview Condo ဆိုင်ခန်းများအား သွားရောက် ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်တောင်နယ်မြေ ရေနံမြေရပ်ကွက်ရှိ ကမ်းနဖူး ဆိပ်ကမ်းမြေတွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် (၂၄၄)သန်းဖြင့် ရေနန်းသူဇာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျောက်စီ ရေကာတံတိုင်း အရှည်(၄၁၆)ပေတည်ဆောက်ခြင်းလုပ်ငန်းနှင့် သဲဖြည့်မြောင်းခင်းခြင်းလုပ်ငန်းကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

IMG_1913