နေပြည်တော် ၂၉ အောက်တိုဘာ

တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှု ဆိုင်ရာ ငါးနှစ်စီမံကိန်းရေးဆွဲနိုင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မိခင် ကလေးကျန်းမာရေး) ဒေါက်တာမြင့်မြင့်သန်းက အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံသားတိုင်း၏ အာဟာရအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသား အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (၂၀၁၈/၂၀၁၉ - ၂၀၂၂/၂၀၂၃)၏ ပထမတစ်နှစ်တာ ကာလအတွင်း ဦးစားပေးဆောင်ရွက်မည့် ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့ရှိ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက မြေပြင်အခြေအနေနှင့် ကိုက်ညီမည့် အမှန်တကယ်လက်တွေ့ကျပြီး ရှင်းလင်းလွယ်ကူသော စီမံကိန်းများရေးဆွဲအကောင်အထည် ဖော်နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။

အဆိုပါသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးမှုစီမံကိန်းများ ဆက်လက်ရေးဆွဲခြင်းနှင့်  ရေးဆွဲထားသောစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို  အောက်တိုဘာလ ၃၁ ရက်အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။

သန့်ဇော်