နေပြည်တော် ၂၉ အောက်တိုဘာ
တောမီးကာကွယ်ခြင်းနှင့် ငြိမ်းသတ်ခြင်းသင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ရေဆင်းသစ်တောသုတေသနဌာန၌ ကျင်းပသည်။
အဆိုပါသင်တန်းတွင် တောမီးနှင့်ပတ်သက်သည့် သစ်တောမီးဂေဟဗေဒစနစ်ကို နားလည်သဘောပေါက်ရန်၊ သဘာဝတောနှင့် စိုက်ခင်းများနှင့်တောမီးကာကွယ်သည့် နည်းစနစ်များကို သိရှိနားလည်စေရန်၊ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာလျှင် မီးငြိမ်းသတ်သည့်နည်းကိုသိရှိပြီး စနစ်တကျ မီးငြိမ်းသတ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့အချိန်အခါတွင် မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ မီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည့် သဘာဝဆိုးကျိုးများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် နေ့စဉ်ဖြစ်ပေါ်လျက်ရှိပြီး တောမီးလောင်ကျွမ်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော တောမီးလောင်ကျွမ်းခြင်းများကြောင့် သစ်တောမြေများ အဆင့်အတန်းနိမ့်ကျစေကြောင်း၊ သစ်တော ကြီးထွားဖွံ့ဖြိုးမှုအား ထိခိုက်စေပြီး စီးပွားရေးအရ ဆုံးရှုံးမှုဖြစ်ပေါ်စေလျက်ရှိကြောင်း သိရ သည်။
သင်တန်းတွင်သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးဇော်မင်းက အမှာစကားပြောကြားခဲ့ပြီး သင်တန်းသို့ သင်တန်းသား ၃၀ တက်ရောက်မည်ဖြစ်ပြီး ယနေ့မှစ၍ (၄) ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်လင်းနိုင်


