ရန်ကုန် ၂၉ အောက်တိုဘာ
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ၌ ထည့်သွင်းကျင်းပမည့် အီလက်ထရောနစ် အားကစားနည်းများတွင် မြန်မာနိုင်ငံမှ အီလက်ထရောနစ်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ မြန်မာအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်(MESF) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ကောင်းမြတ်စံက "Sea Games မှာ ပထမဦးဆုံးအကြိမ်အဖြစ် Esports အားကစားဟာ ပါဝင်လာခြင်းဖြစ်ပါတယ်။ အခုလို ပါဝင်လာခြင်းဟာ Esports အားကစားအတွက် အလွန်ကြီးမားတဲ့ အကောင်းဘက်သို့ ဦးတည်တဲ့ အလှည့် အပြောင်းတစ်ခုဖြစ်ပြီး နောင်လာမယ့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများသာမက အာရှအားကစားပွဲတော်၊ အိုလံပစ်အားကစားပွဲတော်တွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မျှော်လင့်ချက်တစ်ခု စတင်ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်" ဟု ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ကျင်းပပြုလုပ်မည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အီလက်ထရောနစ် အားကစားနည်း စုစုပေါင်း ၆ မျိုး ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အီလက်ထရောနစ် အားကစားသမားများအနေဖြင့် Multiplayer Online Battle Arena – MOBA ဂိမ်းအမျိုးအစားဖြစ်သည့် DOTA 2 – PC ဂိမ်းအမျိုးအစားနှင့် Mobile Legends: Bang Bang မိုဘိုင်းဖုန်းဂိမ်း အမျိုးအစားနှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲက သိရသည်။
အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် Myanmar National DOTA2 အသင်းတွင် ကစားသမားများအဖြစ် မြင့်မြတ်ဇော်၊ ရဲထိုက် ၊ ခန့်နိုင် ၊ ကောင်းဇော်သူ နှင့် အောင်မြတ်စိုး တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး Myanmar National Mobile Legend: Bang Bang အသင်းတွင် ကစားသမားများအဖြစ် ဘုန်းမြင့်ကြည် ၊ ထူးထက်ကျော် ၊ ကံကောင်း ၊ လင်းထက်နှင့် မင်းကျော်ကောင်း တို့ဖြင့် ဖွဲ့စည်းကာ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်မည့် Myanmar National Esports DOTA 2 အသင်းမှ အသင်းခေါင်းဆောင် ကိုရဲထိုက် က “ Esports ကို SeaGames မှာ ပါဝင်ခွင့်ရအောင် Support လုပ်ပေးခဲ့တဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်၊ အခုလို မြန်မာနိုင်ငံ ကိုယ်စားပြု Esports –Dota2 တစ်သင်းအနေနဲ့ Seagames မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက်လည်း ပြောမပြတတ်လောက်အောင် ဂုဏ်ယူမိပါတယ်။ နိုင်ငံအတွက် ဂုဏ်တက်အောင် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားမှာပါ ”ဟု ပြောသည်။
ထို့အတူ Myanmar National Esports Mobile Legend:Bang Bang အသင်းမှ အသင်းခေါင်းဆောင် ကိုဘုန်းမြင့်ကြည် (Ardam) က “ SeaGames မှာ Esports ကစားနည်းဖြစ်တဲ့ Mobile Legends:Bang Bang ကို နိုင်ငံကိုယ်စားပြုအသင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အခုလို Esports ကစားနည်းတစ်ခုကို နိုင်ငံကိုယ်စားပြုအသင်းအဖြစ် ပါဝင်ခွင့်ရတာကိုလည်း ဂုဏ်ယူမိသလို တာဝန်လည်း ကြီးသွားသလို ခံစားရ ပါတယ်။ ဒါ့ကြောင့်လည်း ရွှေတံဆိပ်ဆု များရအောင် နိုင်ငံအတွက် ဂုဏ်တက်အောင် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားပါ့မယ် ” ဟု ပြောသည်။
Esports အားကစားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ခေတ်စား လာပြီး ပြိုင်ပွဲအမြောက်အများ ပေါ်ထွက်လာခဲ့ကြောင်း၊ အားကစားသမားများအနေဖြင့် အပျော်တန်းအဆင့်မဟုတ်ဘဲ နိုင်ငံအဆင့် လက်ရွေးစင် ပရော်ဖက်ရှင်နယ် အားကစား သမားများအဖြစ် ရပ်တည်နိုင်အောင် စနစ်တကျ လေ့ကျင့်ပေးထားကြောင်း သိရသည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၊ အိုလံပစ်အားကစားပြိုင်ပွဲများတွင် မြန်မာအီလက်ထရောနစ် အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစား အဖွဲ့ချုပ်(MESF)ကို သက်ဆိုင်ရာဝန်ကြီးဌာန ထောက်ခံချက်များဖြင့် Esports ဆိုင်ရာ တရားဝင်ခွင့်ပြုချက် လိုင်စင်များရယူကာ စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ ကျောင်းသားလူငယ်များ၊ အားကစားသမားများ ပါဝင်ကြောင်း မြန်မာအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်က သိရသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဇော်မင်းလတ်)