နေပြည်တော် ၂၉ အောက်တိုဘာ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ကမ္ဘာ့ဘဏ်၏အစီအစဉ်ဖြင့် မက္ကဆီကိုနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မက္ကဆီကိုနိုင်ငံ၏ ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းများဆောင်ရွက်နေမှုကို အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ သွားရောက်လေ့လာခဲ့သည်။

ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း မက္ကဆီကိုနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Jose De Luna Mertinez နှင့်တွေ့ဆုံပြီး နိုင်ငံပိုင်ဘဏ်များ ပြုပြင် ပြောင်းလဲမှုဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်းများ၏ အခန်းကဏ္ဍတို့ကို ဆွေးနွေးခဲ့ ကြသည်။

ထို့အပြင် မက္ကဆီကိုနိုင်ငံ၏ ဖွံ့ဖြိုးရေးဘဏ်များဖြစ်ကြသော ကျေးလက်ဒေသဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက်နေသည့် ဘဏ်၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် ဆောင်ရွက်နေသည့်ဘဏ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ဆောင်ရွက်နေ သည့်ဘဏ်၊ အခြေခံအဆောက် အအုံစီမံကိန်းများအတွက် ဆောင်ရွက်နေသည့်ဘဏ်တို့ကို သွားရောက်လေ့လာရာ သက်ဆိုင်ရာ ဘဏ်အကြီးအကဲများနှင့် တာဝန်ရှိသူများက ဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံရှင်းလင်း ပြသကြသည်။

မက္ကဆီကိုနိုင်ငံသည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ နိုင်ငံပိုင်ဘဏ်များပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီးနိုင်ငံတော်၏ အခြေခံ အဆောက်အအုံဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးမွေးမြူရေး၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများသို့ ချေးငွေထောက်ပံ့မှုအစီအစဉ်များကိုအောင်မြင်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)