နေပြည်တော် ၂၉ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးလှကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ပုသိမ်မြို့၊ မရမ်းချောင်း၌ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ODA Loan ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် ပုသိမ်မြို့ရေပေးရေးစီမံကိန်း (Water Treatment Plant)လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပုသိမ်မြို့ရေပေးရေးစီမံကိန်းကာလအား ၂၀၁၇-၂၀၁၈ မှ ၂၀၂၁-၂၀၂၂ထိ (၅)နှစ်တာ သတ်မှတ်ပြီး တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် မေလက စတင်ဆောင်ရွက်၍ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငပုတောမြို့နယ် ပမ္ပဝတီကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးတင်အောင်ဝင်း က ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများနှင့် ကျေးရွာလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ကျေးလက် အသက် မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေးစီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များ၊ ယခုဒုတိယအကြိမ် စီမံကိန်းပြန်လည် စတင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ကျေးရွာမီးလင်းရေး၊ ကျေးလက်လမ်းနှင့် ကျေးလက်ဆေးပေးခန်း၊ ငါးဖမ်းပိုက်နှင့်လှေ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုအားပေး သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာသို့ ရောက်ရှိပြီး တစ်ဆက်တစ်စပ်တည်း ဧက (၃၀၀) မျိုးသန့် မျိုးစေ့ထုတ်စံပြစိုက်ခင်း ၏ ဖြစ်ထွန်းအောင်မြင်နေမှုများနှင့် ကန်သင်းဘောင်များတွင် မျိုးနမူနာစမ်းသပ်စိုက်ပျိုးမှုများကို ကြည့်ရှုအားပေးသည်။
(သတင်းစဉ်)


