၂၉ အောက်တိုဘာ
၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ကာတာနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ဒုတိယခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၂၈ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲက ကာတာကလပ် အယ်လ်အူဝေနာအသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် ပထမပိုင်းတွင် သွင်းယူသည့်ဂိုးများဖြင့် အနိုင်ရခဲ့ပြီး ကာတာခြေစမ်းခရီးစဉ်တွင် ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့သည်။ မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် နီပေါအသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲလူစာရင်းအတိုင်း ပွဲထွက်ခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ ယူ-၂၂ အသင်းသည် ဂိုး-ဆန်းဆက်နိုင်၊ နောက်တန်း-ဝင်းမိုးကျော်၊ ရဲရင့်အောင်၊ ရဲမင်းသူ၊ အောင်ဝဏ္ဏစိုး၊ အလယ်တန်း-လွင်မိုးအောင်၊ နေမိုးနိုင်၊ အောင်နိုင်ဝင်း၊ ရှေ့တန်း-မြတ်ကောင်းခန့်၊ အောင်ကောင်းမာန်၊ ထက်ဖြိုးဝေတို့ကို အသုံးပြုကာ ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဂိုးစပေးလိုက်ရသော်လည်း ပထမပိုင်းမှာပင် ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအတွက် ဂိုးများကို အောင်ကောင်းမာန်က နှစ်ဂိုးနှင့် ထက်ဖြိုးဝေက တစ်ဂိုး သွင်းယူခဲ့သည်။ နောက်ပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း ဂိုးထပ်မသွင်းနိုင်၍ ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ကာတာခရီးစဉ်တွင် ခြေစမ်းပွဲနှစ်ပွဲကစားထားရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားသည်။ မြန်မာ ယူ-၂၂ အသင်းသည် အယ်လ်အူဝေနာအသင်းကို အနိုင်ရပြီး နီပေါယူ-၂၂ အသင်းနှင့် နှစ်ဂိုးစီ သရေကျထားခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၃၁ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီတွင် ကာဂျစ္စတန် ယူ-၁၉ အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF