စလင်း  ၃၀    အောက်တိုဘာ

 

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား ကျောင်းသူများသိရှိနာလည်းပြီး ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက မှန်ကန်စွာ တုန့်ပြန်ဆောင်ရွက်တတ်စေရန်နှင့် မတော်တဆထိခိုက် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် မီးသတ်ဉီးစီးဌာနမှ စာသင်ကျောင်းအခြေပြု ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် မြေပြင်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ကန်ပြားကျေးရွာ အ.ထ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဉီးစွာ မြို့နယ်မီးသတ်ဉီးစီးအရာရှိ ဉီးဝင်းဗိုလ်က ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်ရမည့်နည်းလမ်းများ၊ ငလျင်လှုပ်နေစဉ်အတွင်း မတော်တဆထိခိုက်မှု လျော့နည်းစေရန် လိုက်နာ ရမည့် အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ဆောက်ရွက်ရမည့် နည်းလမ်းများကို ပညာပေးဟောပြောပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှတပ်ကြပ်ကြီး မြတ်ကိုကိုက ရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းများအသုံးပြုပုံကိုပြသရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။

 

ထို့နောက် ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်တတ်စေရန်အတွက် အဆောက်အဦပြိုကျ၍ပိတ်မိနေသူများကို ရှာဖွေကယ်ထုတ်ခြင်းနှင့် အရေးပေါ်ယာဉ်ဖြင့်ပို့ဆောင်ခြင်းစသည့် မြေပြင်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ သရုပ်ပြခြင်းကို ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 စိုးမိုးသူ(စလင်း)