ပဲခူး ၃၀ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးဒဏ်ခံစားနေရသည့် ပြည်သူများအတွက် အာဆီယံ+၃ အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန်(၂၂၉.၅၂)တန် လာရောက် လှူဒါန်းခြင်း အခမ်းအနားကို အောက်တိုဘာလ (၂၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီက ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တော်ဝင် ဟံသာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံအနှံအပြားတွင် သဘာဝဘေး အန္တရာယ်များခံစားနေကြရပြီး မိမိတို့နိုင်ငံ၌လည်း ကြုံတွေ့ခံစားနေကြရကြောင်း၊ ဒီလိုအခြေအနေများတွင် တစ်ဘက်တစ်လမ်းမှ အာစီယံအပေါင်း(၃) အရေးပေါ်အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ လာရောက် ထောက်ပံ့ လှူဒါန်းမှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်းနှင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ အာစီယံအပေါင်း(၃) အရေးပေါ်အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ Apterr အတွင်းရေးမှူးရုံး အကြီးအကဲ Mr. Chanpithya က ဆန်ထောက်ပံ့လှူဒါန်း ပေးရသည့် ရည်ရွယ်ချက်ကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံသံရုံး စီးပွားရေးသံမှူး Mr. Yang Dong Woo မှ ပဲခူးတိုင်း ဒေသကြီးအတွင်း သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန်တန်ချိန် (၂၂၉.၅၂)တန်အား လွှဲပြောင်းပေးအပ်ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ ဆန်တန်ချိန်(၂၂၉.၅၂)တန်အား ကဝမြို့နယ်၊ ပဲခူးမြို့နယ်၊ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ္တလင်းမြို့နယ်တို့ရှိ ၂၀၁၉ခုနှစ်အတွင်း ရေဘေးသင့်/ ကမ်းပြိုဒဏ်ခံစားခဲ့ရသည့် လူဦးရေ(၂၉၃၂၀)အတွက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုရီးယားသမ္မတ နိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


