ရွှေကူ   ၃၀ အောက်တိုဘာ       

 

ရွှေကူမြို့ စက်ကုန်းရပ် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ သောက်သုံးရေများ သန့်ရှင်းစွာ သောက်သုံးနိုင်ရန်အတွက် ရွှေကူမြို့ အမှတ်(၄)ရပ်ကွက် ရေပြန် ကြီးရပ်နေ မိခင်ကြီး ဒေါ်တင်မိအား အမှူးထား၍ ဒေါ်သန်းလှနှင့် သားသမီးများဖြစ်ကြသော မိသားတစ်စုတို့က ရေသန့်စက်အလှူ ရေစက်ချမင်္ဂလာကို ယနေ့ နံနက် ၇ နာရီက စက်ကုန်းရပ် အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဒေါ်သန်းလှနှင့် သားသမီးများက သံဃာတော် အရှင်သူမြတ်တို့အား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွှေကူမြို့ မြို့မပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တ နာဂိန္ဒ(အဂ္ဂမဟာပဏ္ဍိတ) နိုင်ငံတော်ဗဟို သံဃဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော် ထံ၌ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ဆက်လက်၍ သံဃာတော် အရှင်သူမြတ်တို့က ရေသန့်စက်လှူရခြင်းအကျိုးတရား များနှင့် မေတ္တာသုတ်ပရိတ်တရားတော်များဖြင့် ချီးမြှင့်ကာ ဒေါ်သန်းလှနှင့် သားသမီးများ ဖြစ်ကြသော မိသားတစ်စုတို့က ငွေကျပ် ၅၄၀ဝ၀ဝ၀ ခန့် ကုန်ကျသော ရေသန့်စက်အလှူနှင့် သံဃာတော် အရှင်သူမြတ်တို့အား သင်္ကန်း အစရှိသော ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ၍ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

           

ကျော်မျိုးအောင်(ပြန်/ဆက်)