မကွေး ၃၀  အောက်တိုဘာ

 

မြန်မာနိုင်ငံ၏ (၁၁)ခုမြောက် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးကို မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ စုပေါင်းရုံး၌ အောက်တိုဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး သတ်မှတ်ချက် (၁၄)ချက်နှင့် အကျုံးဝင်သူ များအနေဖြင့် ငွေကြေးကုန်ကျစရာမလိုဘဲ ဥပဒေဆိုင်ရာအထောက်အကူများကို အခမဲ့တောင်းခံနိုင်ပြီဖြစ်ကြောင်း အဖွဲ့ဝင် တစ် ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးအောင်ကျော်စိုး ထံမှ သိရသည်။

 

ဆင်းရဲနွမ်းပါးသူများ ၊ ကလေးသူငယ်များ ၊ အမျိုးသမီးများ ၊ အထူးပြုစုစောင့်ရှောက်မှု လိုအပ်နေသူများ ၊ သက်ကြီးရွယ်အိုများ ၊ မသန်စွမ်းသူများ ၊ ခုခံအားကျဆင်းမှုရောဂါ(သို့) ကူးစက်မြန်ရောဂါခံစားနေရသူများ ၊ နိုင်ငံမဲ့များ ၊ နိုင်ငံ ရေးခိုလှုံခွင့်တောင်းခံသူများ ၊ နိုင်ငံခြားသားများ ၊ ရွှေ့ပြောင်းနေထိုင်သူများ နှင့် ရွှေ့ပြောင်းလုပ်သားများ ၊ ဒုက္ခသည်များ ၊ ပြစ်မှု ကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများ ၊ ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေများ စသည့်လူများမှာ ဥပဒေဆိုင်ရာ အထောက်အကူ အခမဲ့ရရှိခွင့် ရှိသူများ ဖြစ်သည်။

 

 “ ဒီအဖွဲ့ ဖွဲ့တဲ့ အဓိကရည်ရွယ်ချက်ကတော့ တရားဥပဒေစိုးမိုးရေးရှိလာဖို့ ၊ တရားစီရင်ရေးမဏ္ဍိုင် ဒီထက်ပိုပြီး ကောင်းမွန် တည့်မတ်လာဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုဟာ တရားဥပဒေနဲ့မညီတဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ ခံရတာတို့ ၊ ဖမ်းဆီး ချုပ်နှောင်စဉ်ကာလမှာ ညှင်းပန်းနှိပ်စက်ခံရတာတို့ ၊ ဥပဒေနဲ့မညီတဲ့ မမှန်မကန်ဘဲနဲ့ ငွေအင်အား ၊ အခွင့်အာဏါကိုအလွဲသုံးစား လုပ်နေသူတွေနဲ့ပေါင်းပြီးတော့ မမှန်မကန် တရားစွဲတင်ပို့တာတွေ မဖြစ်ဖို့ ဒီအဖွဲ့က အခမဲ့အကူအညီပေးမှာပါ ” ဟု ပြည်ထောင် စုဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော် က ပြောသည်။

 

ဥပဒေအရ တစ်ရက်လျင်ဝင်ငွေကျပ် ၄၈၀ဝနှင့်အောက်ရရှိသူကို ဆင်းရဲနွမ်းပါးသူအဖြစ်သတ်မှတ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ဖြင့် ဥပဒေ အထောက်အကူရယူခွင့်ကို လျှောက်ထား ရမည်ဖြစ်ကြောင်း ၊ ရာဇဝတ်မှုဖြင့် စတင်စွပ်စွဲထိန်းသိမ်းချိန်မှစ၍ ချုပ်နှောင်ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ချ၊ အကျဉ်းကျခံခြင်း ဖြစ်စဉ်တစ်လျောက်၌ အကူအညီရရှိနိုင် ရန် အထောက်အကူပေးရေးအဖွဲ့ရုံး ဖုန်း- ဝ၆၃-၂၀၂၈၈၁၉ ၊ ဝ၆၃-၂၀၂၈၈၂၀ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

 “ မကွေးတိုင်းမှာ ၂၀၁၈ ဇွန်လလောက်ကတည်းက ဒီအဖွဲ့ကို ဖွဲ့ခဲ့တာပါ။ တရားလွှတ်တော်ရှေ့နေ ၄ဦး နဲ့ ဌာန ဆိုင်ရာများက တာဝန်ရှိသူတွေအပါအဝင် ၁၁ဦး ရှိပါတယ်။ အဖွဲ့စကတည်းက အမှုပေါင်း ၂၀လောက် အကူအညီပေးခဲ့ပြီး ၁၆မှု ပြီးပြတ်အောင် ကူညီပေးနိုင်ခဲ့ပါတယ် ” ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောပြသည်။

 

ဥပဒေ၏ရှေကမှောက်တွင် အားလုံးအညီအမျှဖြစ်ရေး ၊ ဥပဒေနှင့်အညီဆောင်ရွက်ရေးတို့ကို ဆောင်ရွက် ကြရန် နိုင်ငံတော်သမ္မတကြီးက မကြာခဏမှာကြားသည်ကို အလေးအနက် သတိပြုကြရန် လိုအပ်သည်ဟု ရုံးဖွင့်ပွဲသို့ တက်ရောက်လာသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

 

                                                                                                                                                     ဇေယျတု(မကွေး)