ဘိုကလေး ၃၀  အောက်တိုဘာ

 

ရင်ခွင်မဲ့ကလေးများ လျှော့ချရေး၊ ရင်ခွင်မဲ့ကလေးများအား ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဉပဒေပါ အခြေခံအခွင့်အရေးများနှင့် အညီကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးအတွက် မြန်မာ နိုင်ငံအနှံ့အပြားတွင် ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းများဖွင့် လှစ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက ဘိုကလေးမြို့နယ်၌ ရင်ခွင်မဲ့ကလေးများ လျှော့ချ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ရုံးခန်းဖွင့်လှစ်ပွဲကျင်းပသည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း နာယက ဒေါ်ခင်နှောင်းညိုနှင့် အဖွဲ့မှတက်ရောက်၍ ဘိုကလေး မြို့နယ် ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းရုံးခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း နာယက ဒေါ်ခင်နှောင်းညိုနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိုင်းတို့မှ  အဖွင့်အမှာ စကားပြောကြားခြင်း၊ ရုံးခန်းဖွင့်လှစ်နိုင်ရေးအတွက် ကူညီပံ့ပိုးသူများအား  ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ခြင်း၊ ကျောင်းသား/သူများမှ သရုပ်ဖော်ဇာတ်လမ်းတိုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဖျာပုံခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် ဘိုကလေးမြို့ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းတို့မှ ကျေးဇူးတင်စကားများ ပြောကြားကြသည်။

 

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း နာယက ဒေါ်ခင်နှောင်းညိုနှင့်အဖွဲ့ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိုင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ NGOများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံရေး ပါတီများ တက်ရောက်ကြကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)