မန္တလေး ၃၀ အောက်တိုဘာ
သပိတ်ကျင်းမြို့အနီးရှိ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် လှုပ်ခတ်ခဲ့သည့်မြေငလျင်များကို သိရှိနိုင်ရန် ငလျင်သုတေသနမှရရှိသည့် မြေသားနမူနာကို တရုတ်အမျိုးသားတက္ကသိုလ်နှင့် ချိတ်ဆက်ထားကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ သိရသည်။
အဆိုပါ သုတေသနအတွက် ပထမဆုံးအကြိမ် ကွင်းဆင်းမှုအဖြစ် ယခုနှစ် မေ ၁၁ ရက်မှ ၂၁ ရက်ထိ သပိတ်ကျင်းမြို့၏ မြောက်ဘက်နှင့်တောင်ဘက်ပိုင်းတို့တွင် ဆောင်ရွက်ခဲ့ပြီး ရရှိလာသည့်မြေသားနမူနာ (Sample) တို့ကို ရွေးချယ်စိစစ်ကာ ပို့ဆောင်စစ်ဆေးရန် ချိတ်ထားထားကြောင်းသိရသည် ။
"မြေသားနမူနာကို ဒီအပတ်ထဲ ပို့ဖို့လုပ်ဆောင်နေတယ်။ ပို့ပြီးလို့ အဖြေသိရရင်တော့ ဘယ်အချိန်မှာ ငလျင်လုပ်နိုင်တယ်ဆိုတာတွေ သိနိုင်တာပေါ့ ။ အဲ့လိုသိနိုင်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်တာပေါ့ ။ အခု အကြမ်းဖျင်းအရင်သိဖို့ မြေသားနမူနာတွေ အရင်ပို့မှာပါ။ " ဟု ကော်မတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောသည် ။
သပိတ်ကျင်းမြို့အနီးရှိ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် အတိတ်က လှုပ်ခတ်ခဲ့သည့် မြေငလျင်များကို ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ထိ နှစ်နှစ်ကြာ သုတေသနပြုလုပ်သွားမည် ဖြစ်သည်။ သုတေသနအတွက် ပထမဦးဆုံး ကွင်းဆင်းအကြိမ်တွင် သုတေသနပြုလုပ်ရန် နေရာရွေးချယ်ခြင်း၊ ငလျင်လှုပ်ခတ်ခဲ့သည့် အထောက်အထားများ ရှာဖွေခြင်း၊ ငလျင်ကြောင့် ရွေ့သွားခဲ့သည့်အရွေ့များကို တိုင်းတာခြင်း၊ လှုပ်ခတ်ခဲ့သည့် ငလျင်များ၏ သက်ရောက်မှုနှင့် မြေငလျင်အန္တရာယ်ပြမြေပုံရှိ ဖြစ်နိုင်သည့် Effetc နှင့် လက်တွေ့သက်ရောက်မှု ကိုက်ညီမှုရှိ၊ မရှိတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုသုတေသနပြုလုပ်မည့် သပိတ်ကျင်းမြို့အနီး စစ်ကိုင်းပြတ်ရွေ့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က အင်အားရစ်ချ်တာ စကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး ၂၀၁၂ခုနှစ် သပိတ်ကျင်း ငလျင်မတိုင်ခင် လှုပ်ခတ်ခဲ့သည့် အတိတ်က မြေငလျင်များကို လေ့လာဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အနာဂတ်ငလျင်များကို ခန့်မှန်းတွက်ချက်နိုင်ရန် အတိတ်မြေငလျင် သုတေသနများကို စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် ပဲခူးအပိုင်းနှင့် စစ်ကိုင်းအပိုင်းတို့တွင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ နေပြည်တော် နှင့် သပိတ်ကျင်းအပိုင်းတို့တွင် သုတေသနပြုလုပ်နေပြီး ဆက်လက်သုတေသနပြုလုပ်ရန် အပိုင်းငါးခုခန့် ကျန်ရှိနေသေးကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
သူရိန်လင်း


