နေပြည်တော် ၃၀ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုနှစ် ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးရွာသွန်းမှု နည်းပါးခဲ့သည့်အတွက် သဖန်းဆိပ်ရေလှောင်တမံ၏ ရေဆင်းဧရိယာနှင့် ဆည်ရေသောက် ဧရိယာများရှိ မိုးစပါးစိုက်ပျိုးဧကများကို ရေအလှည့်စနစ်ကျင့်သုံး၍ မိုးစပါးအောင်ရေ ပြည့်စုံစွာပေးဝေနိုင်မည် ဖြစ်ကြောင်းသိရသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုနည်း၍ ရေဝင်နည်းသော်လည်း သဖန်းဆိပ် ရေလှောင်တမံ၏ ရေပေးမြောင်းမကြီး (၄)မြောင်းမှ ဆည်ရေသောက် မြို့နယ်များဖြစ်သည့် ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်နှင့် ဘုတလင် မြို့နယ်များရှိ မိုးစပါး ၄၈၁၅၉၂ ဧကကို ဆည်ရေဖြင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်။
ယခုအချိန်တွင် စပါးပင်များအောင်ရေ လိုအပ်ချိန်ဖြစ်၍ သဖန်းဆိပ်ရေလှောင်တမံမှ ဆည်ရေကို အနည်းဆုံးနှင့် အထိရောက်ဆုံးပေးဝေနိုင်ရန် စနစ်တကျ ရေစီမံခန့်ခွဲထိန်းညှိ ထုတ်လွှတ်ပေးလျက်ရှိပြီး ရေလှောင်တမံ၏ အောက်တိုဘာ ၂၅ ရက်ထိ သိုလှောင်ထားသော ဆည်ရေသိုလှောင်ပမာဏသည် မိုးစပါးစိုက်ပျိုးထားသည့် ဧရိယာများကို အောင် ရေပြည့်စုံစွာ ပေးဝေနိုင်မည့်အပြင် ဒေသတွင်းသောက်သုံးရေကန်များသို့ ရေဖြည့်သွင်း ပေးနိုင်ခြင်းနှင့် ရွှေဘိုမြို့သုံးရေအတွက် မဟာနန္ဒာကန်ရေဖြည့်သွင်းခြင်းကို ၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ ရေလုံလောက်အောင် ပေးဝေသွားနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော်


