သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် မြန်မာအသင်းသည် အပြီးသတ် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ခြေစစ်ပွဲယှဉ်ပြိုင်ရန် ရက်ပိုင်းသာလိုတော့ရာ မြန်မာ ယူ-၁၉ အသင်းအနေဖြင့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရန် အပြီးသတ် ပြင်ဆင်နေပြီး ခြေစစ်ပွဲယှဉ်ပြိုင်မည့် ကစားသမား ၂၃ ဦးကို ရက်ပိုင်းအတွင်း ရွေးချယ်မည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ခြေစစ်ပွဲမတိုင်မီ နောက်ဆံးပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၃၁ ရက် (ယနေ့) ညနေပိုင်းတွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် အာရှခြေစစ်ပွဲအတွက် နောက်ဆုံးပြင်ဆင်နိုင်ရန် အောက်တိုဘာ နောက်ဆုံးပတ်တွင် ခြေစမ်းပွဲသုံးပွဲကစားရန် စီစဉ်ထားပြီး အောက်တိုဘာ ၂၄ ရက်တွင် ကစားသည့်ခြေစမ်းပွဲ၌ တပ်မတော် (ရေ) အသင်းကို သုံးဂိုး-ဂိုးမရှိ၊ အောက်တိုဘာ ၂၇ ရက်က ကစားသည့်ခြေစမ်းပွဲ၌ လာအို ယူ-၁၉ အသင်းကို နှစ်ဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် နောက်ဆုံးကစားထားသည့် ခြေစမ်းပွဲတွင် လာအိုအသင်းကို အနိုင်ရခဲ့သော်လည်း ခြေစွမ်းပိုင်းအရ လိုအပ်ချက်များ ရှိနေသေးသောကြောင့် ခြေစစ်ပွဲမတိုင်မိ ပြင်ဆင်ရမည်ဖြစ်သည်။

အာရှခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး-  ပြည့်ဖြိုးသူ၊ နေလင်းထက်၊ စောထက်၊ နောက်တန်း- စည်သူမိုးခန့်၊ သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ စောထော်နေမူး၊ ကောင်းခန့်ကျော် (၁)၊ မျိုးကိုကိုလင်း၊ အလယ်တန်း- အောင်ကိုဦး၊ ရန်ကျော်စိုး၊ ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ မိုးဆွေ၊ ဟိန်းထက်အောင်၊ သူရအောင်၊ ရန်နိုင်လင်း၊ ပြည့်စုံနိုင်၊ ရှေ့တန်း- ကောင်းဇင်မိုး၊ လမင်းထွေး၊ ညီညီ၊ စောကျော်အဲ၊ သြဘာခနှင့်  ရဲထက်အောင်တို့ ပါဝင်ကြသည်။