မျက်စိစွံလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အတူတူဖတ်ပြီး မျက်စိစွံတဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းရအောင်လား။

 

မျက်စိစွံတယ်ဆိုတာ ဘာလဲ….

 

မျက်စိစွံတယ်ဆိုတာက မျက်ခမ်းသားမှာ နီရဲနေတဲ့ အဖုလေးဖြစ်တာပါ။ မျက်တောင်နားမှာ ဖြစ်တာဖြစ်ပြီး မျက်ခွံအောက်နားနဲ့ မျက်ခွံအတွင်းထဲမှာလည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာက ကြီးကြီးမားမားမဟုတ်ပေမယ့် ခံစားရသူအရေအတွက်က မနည်းလှပါဘူး။ မျက်စိစွံတာက ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် နေရခက်စေပြီး နာကျင်မှုကို ခံစားရစေပါတယ်။

 

မျက်စိစွံတာက ဖြစ်တဲ့နေရာကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။

 

ပြင်ပမှာဖြစ်တဲ့ မျက်စိစွံခြင်း – မျက်ခွံအောက်ဘက်မျက်ခမ်းသားနားက မျက်တောင်မွှေး မွှေးညှင်း အိတ်လေးတွေနားမှာဖြစ်တာပါ။

 

အတွင်းမှာဖြစ်တဲ့ မျက်စိစွံခြင်း – မျက်ခွံအောက်ဘက်ခြမ်းနဲ့ အတွင်းဘက်က အဆီဂလင်းတွေမှာ ဖြစ်တတ်တဲ့ မျက်စိစွံခြင်းတစ်မျိုးပါ။

 

မျက်စိစွံတာကို သက်သာစေဖို့

မျက်စိစွံတာကို အိမ်မှာတင် အလွယ်တကူ ကုသလို့ရပါတယ်။ ဘယ်လိုများလုပ်ရမလဲဆိုတာကို သိချင်ရင်တော့ ဆက်ကြည့်လိုက်ရအောင်နော်။

 

လက်ကိုပုံမှန်ဆေးကြောပေးပါ – လက်ကို အမြဲသန့်စင်ပေးတာက မျက်လုံးကို ဖုန်မှုန့်တွေ ကပ်ငြိနေတဲ့ လက်နဲ့ ပွတ်မိနိုင်ခြေနည်းစေပါတယ်။ ဂလင်းလေးတွေ ပိတ်ဆို့နိုင်ခြေကို လျှော့ချပေးနိုင်ပြီး မျက်စိမစွံအောင် ကာကွယ်ပေးနိုင်သလို မျက်စိစွံတာကို ထပ်ဆိုးမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

 

မဆိတ်ဆွပါနဲ့ – မျက်စိစွံတဲ့အခါ ဖုလေးကို လက်နဲ့ညှစ်တာ၊ ဆိတ်တာမျိုးမလုပ်ပါနဲ့။ ရောဂါပိုးတွေ ပိုများသွားစေနိုင်တာကြောင့် သူ့အလိုလိုပေါက်သွားတဲ့အထိ စောင့်ပေးပါ။

 

ရေနွေးဝတ်ကပ်ပေးပါ – အပူကပ်ပေးတာက မျက်စိစွံတာကို သက်သာစေတဲ့ နည်းလမ်းတစ်ခုပါ။ ဒါကြောင့် အဝတ်လေးမှာ ရေနွေးစွတ်လို့ စင်နေအောင်ညှစ်ပြီး ခပ်နွေးနွေးလေးမှာ မျက်စိစွံနေတဲ့ဖုလေးပေါ်မှာ ကပ်ပေးပါ။ ၁ မိနစ်လောက်ကပ်ပေးပါ။ အဖုလေး ပေါက်မထွက်မချင်း ကပ်ပေးပါ။ အဝတ်စသန့်နေဖို့တော့ အရေးကြီးပါတယ်။

 

လက်ဖက်ခြောက်အိတ် ကပ်ပေးပါ – လက်ဖက်ခြောက်အိတ်ကို ရေနွေးနွေးလေးထဲမှာ စိမ်ပြီး မျက်စိစွံတဲ့နေရာမှာ ကပ်ပေးပါ။ လက်ဖက်ခြောက်အိတ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတာကြောင့် မျက်စိစွံတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ခြောက်အိတ်ဆိုရင် အဆင်ပြေဆုံးဖြစ်မှာပါ။

 

မျက်ခွံကို သန့်စင်ပေးပါ – မျက်စိစွံနေတဲ့နေရာကို မျက်စိမစပ်စေတဲ့ baby- shampoo ကို ရေနွေးနွေးလေးနဲ့ရောလိုပ ဂွမ်းစလေးနဲ့ တို့ပြီး မျက်စိစါံနေဲ့အဖုလေးနဲ့ မျက်ခမ်းသားကို သန့်စင်ပေးပါ။ နေ့တိုင်းပုံမှန်လုပ်ပေးပါ။ ဆားရည်နဲ့လည်း ဆေးကြောပေးလို့ရပါတယ်။ ဒီလိုလုပ်ပေးတာက ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ပြီး အနာကို မြန်မြန်သက်သာစေနိုင်မှာပါ။

 

Antibiotic ointment တစ်ခုခုလူးပေးပါ – မျက်စိစွံတဲ့အခါ မျက်စိစွံနေတဲ့နေရာကို ဆေးဆိုင်မှာ အလွယ်တကူဝယ်ယူလို့ရတဲ့ antibiotic ointment ကို လိမ်းပေးလို့ရပါတယ်။ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ကာကွယ်ပေးပြီး မျက်စိစွံတာကို အမြန်ဆုံးသက်သာစေနိုင်မှာပါ။ မျက်လုံး အတွင်းပိုင်းမှာဖြစ်တဲ့ မျက်စိစွံတာအတွက်တော့ အဆင်မပြေနိုင်ပါဘူး။

 

ခပ်ဖွဖွလေးနှိပ်ပေးပါ – မျက်စိစွံတဲ့နေရာကို ညင်ညင်သာသာလေးသန့်စင်ပေးရင်း ခပ်ဖွဖွလေးနှိပ်ပေးပါ။ နာလာပြီဆိုရင်တော့ ဆက်မနှိပ်ပါနဲ့တော့။ နှိပ်တဲ့အခါ လက်ကို သန့်စင်အောင်ဆေးကြောဖို့ မမေ့ပါနဲ့။

 

 

မိတ်ကပ်တွေကို သန့်စင်ပါ – ညအိပ်ရာဝင်ခါနီးတိုင်း တစ်နေကုန်လူးထားတဲ့ မိတ်ကပ်တွေကို သန့်စင်နေအောင်ဆေးကြောပါ။ မိတ်ကပ်လိမ်းခြယ်တဲ့အခါသုံးတဲ့ ပစ္စည်းတွေကိုလည်း တစ်ပတ်တစ်ခါ ပုံမှန်သန့်စင်ပေးပါ။ ဒါမှ ဘက်တီးရီးယားပေါက်ဖွားမှုကင်းစင်ပြီး မျက်စိစွံတာကို ကာကွယ်နိုင်မှာပါ။ နေ့တိုင်းမျက်နှာကို သေချာ သန့်စင်ပါ။

 

 

မျက်ကပ်မှန် မတပ်ပါနဲ့ –  မျက်ကပ်မှန်တပ်တဲ့သူတွေအနေနဲ့လည်း မျက်စိစွံနေချိန်မှာ မျက်ကပ်မှန်မတပ်ပါနဲ့။ လက်ကိုသေချာမဆေးဘဲ မျက်ကပ်မှန် တပ်မိမယ်ဆိုရင် မျက်လုံးထဲနဲ့ မျက်လုံးတဝိုက်ကို ဘက်တီးရီးယားတွေ အများကြီးကူးစက်စေနိုင်ပါတယ်။ ဒီလိုကူးစက်မှုက မျက်လုံးစွံနိုင်ခြေကိုပိုများစေနိုင်ပါတယ်။

 

 

အခုပြောတဲ့နည်းလမ်းလေးတွေကို သုံးပြုပြီး မျက်စိစွံတာကို သက်သာအောင် လုပ်ဆောင်လိုက်ပါနော်။

 

 

ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”