ရန်ကုန် ၃၁ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်းမာရေးဝန်ထမ်းအိမ်ရာရပ်ကွက် ဇီဇဝါလမ်း၌ အောက်တိုဘာ ၂၈ ရက် နေ့က လိုင်းအမှတ်(၆၄)ရှိ တစ်ထပ်ပျဉ်ထောင်လိုင်း(၈)ခန်းတွဲ မီးလောင် ကျွမ်းမှုကြောင့် အိမ်ထောင်စု(၅)စုရှိ လူဦးရေ စုစုပေါင်း(၃၉)ဦးတို့ မီးဘေးသင့်ခဲ့ရာ ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ ဒလမြို့နယ်ကြက်ခြေနီအသင်း(ခွဲ) မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ စုပေါင်း၍ ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရပ်ကွက် ဓမ္မာရုံ၌ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု(၅)စုစာ ဆန်ရိက္ခာ ထောက်ပံ့ ငွေကျပ် ၈၁၉၀ဝ ၊ Happy DUOVanilla&Stawberry (၅) ဖာ၊ Happy Creamy (၅) ဖာ၊ Wah Lah ပုဇွန်ဆီချက်ခေါက်ဆွဲ (၅) ဖာ တို့ကို မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု(၅)စုမှ ပြည်သူ(၃၉)ဦး မီးဘေးသင့်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း အိမ်ရာရပ်ကွက် သာသနာ့ရောင်ခြည်ဓမ္မာရုံ၌ ယာယီနေရာစီစဉ်ထားရှိပြီး မြို့နယ်အတွင်းရှိ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာအလှူရှင်များက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


