ရန်ကုန် ၃၁ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံး၊ ကနောင်ခန်းမတွင် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး က အဖွင့်အမှာစကားပြောကြားသည်။
ကမ္ဘာ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မှပေးပို့သည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ သဝဏ်လွှာအား ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဦးစီးအရာရှိ ဒေါ်နော်ကြူကြူဝေ ကဖတ်ကြားသည်။
ယင်းနောက် ကမ္ဘာ့နိုင်ငံများတွင် သဘာဝဘေးအန္တရယ်များကျရောက်ခဲ့စဉ်က ရိုက်ကူးမှတ်တမ်း ပြုထားသည့် ဓာတ်ပုံ ဗီဒီယိုဖိုင်များ၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ကျရောက်ခဲ့သည့် ငလျှင်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေး(နာဂစ်) မှတ်တမ်းဓာတ်ပုံ ဗီဒီယိုများကို ပရိုဂျက်တာဖြင့် စာတန်းထိုးပြသသည်။
ထို့နောက် actionaid မှ တာဝန်ခံ ဒေါ်ခင်ဝင်းကြည် က သဘာဝဘေးအန္တရာယ် အတွက် ကြိုတင်ဆောင်ရွက်ထားရန် အစီအစဉ်များ၊ မိသားစုများ၊စာသင်ကျောင်များတွင် ကြိုတင် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အဆောက်အဦများ ကြံ့ခိုင်ရေး၊ ဆက်သွယ်ဆောင်ရွက်ရေး၊ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စများကို ဆွေးနွေးပြောကြားသည်။
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ "ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့"ဖြစ်သည်။
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ NGO အဖွဲ့အစည်းများ နှင့်ပြည်သူများ စုစုပေါင်း(၁၆၀) ကျော်တက်ရောက်ခဲ့ကြသည်။
ကိုကြီးစိုး(ဆိပ်ကမ်း)


