တောင်ကြီး  ၃၁   အောက်တိုဘာ 

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲနှင့် မြို့လုံးကျွတ်မဟာဘုံကထိန်လှည့်လည်ပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၈ ရက်မှ တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက် ထိ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့ မှ ၁၂ ရက်နေ့ထိ ၉ ရက်တိုင်တိုင် ပြုလုပ်ကျင်းပမည်ပြီး ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့် ပြပွဲပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီအနေဖြင့်  တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ/ပိတ်ပွဲအတွက် သီချင်းပြိုင်ပွဲ၊ စာပေ ပြိုင်ပွဲ(ဆောင်းပါး၊ဝတ္ထုတို ၊ ကဗျာ)ပြိုင်ပွဲ ၊ ပန်းချီ/ကာတွန်းပြိုင်ပွဲ ၊ အလွတ်တန်းဓါတ်ပုံပြိုင်ပွဲများကို ဖိတ်ခေါ်ကျင်းပပေးလျက်ရှိသည်။

ယနေ့နံနက် ၉ နာရီအချိန်တွင် တောင်ကြီးခရိုင် လူထုအခြေပြုဗဟိုဌာန (Commynity Centre) ၌ စာပေပြိုင်ပွဲ (ဆောင်းပါး၊ဝတ္ထုတို၊ကဗျာ)သို့ ပေးပို့ပါဝင်ယှဉ်ပြိုင်လာသည့် ဝတ္ထုတိုစာမူ (၁၃)စောင်၊ ဆောင်းပါစမူ(၄၀)စောင်၊ ကဗျာစာမူ(၅၁)စောင်၊ ပန်းချီ(၈၃)ပုံ၊ ကာတွန်း(၄၂)ပုံတို့အား စာပေပညာရှင် (၂၆) ဦးဖြင့်ဖွဲ့စည်းထားသည့် စာမူရွေးချယ်ရေးအဖွဲမှ ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများနှင့်အညီ စိစစ်အကဲဖြတ်ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများတွင်  ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် နှစ်သိမ့်ဆု(၂)ဆုစီကို  စိစစ်ရွေးချယ်ပြီး ဆုရရှိသူများကို တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၂  ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်တန်ဆောင်တိုင်ပွဲတော်ပိတ်ပွဲ အခမ်းအနား၌ ထိုက်ထိုက် တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


စိုင်းအယ်ဘဲ