နေပြည်တော် ၃၁ အောက်တိုဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့ရှိ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနရုံးနှင့် ကုန်သွယ်ရေးဦးစီးဌာန မြဝတီနယ်စပ်ကုန်သွယ်ရေးသွင်းကုန်ဌာနတို့မှ ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့ရေး၊ လိုင်စင်များနှင့် သွင်းကုန်များကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများ နှင့်အညီ မြန်ဆန်စွာထုတ်ပေးနိုင်ရေး တို့ကို မှာကြားပြီး ညပိုင်းတွင် ဘားအံမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ၈ နာရီခွဲတွင် ဘားအံမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များ၊ ကုန်သည်များနှင့် တွေ့ဆုံ၍ ဒေသတွင်းထွက်ကုန်များကို မူလအတိုင်း ပြည်ပသို့ တင်ပိုခြင်းမပြုဘဲ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြန်လည်ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေးမြှင့်တင်နေမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကုန်သည်လုပ်ငန်းရှင်များက လုပ်ငန်းကဏ္ဍအလိုက် ကုန်သွယ်မှုပြုရာ တွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြည့်စွက်ဆွေးနွေး၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
(သတင်းစဉ်)


