ရန်ကုန်  ၃၁ အောက်တိုဘာ


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီအသင်းတို့ ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ ဟံသာဝတီအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် ခြေစစ်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ကစားသမားများ ပြောင်းလဲအသုံးပြုခဲ့သောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် အောက်တိုဘာနောက်ဆုံးပတ်တွင် ခြေစမ်းပွဲသုံးပွဲကစားခြင်းဖြစ်ပြီး နောက်ဆုံးပွဲမှ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် အောက်တိုဘာ ၂၂ ရက်တွင် စတင်လေ့ကျင့်ခဲ့သော်လည်း မြန်မာ ယူ-၁၉ အသင်း ခြေစစ်ပွဲမတိုင်မီ ပြင်ဆင်မှုရစေရန် ခြေစမ်းပွဲကစားပေးခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် နည်းပြသစ် ဦးမျိုးမင်းထွန်းလက်ထက် ပထမဆုံးပွဲတွင် ရလဒ်ကောင်းရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် လာအိုနှင့်ပွဲတွင် ပွဲထွက်ကစားခွင့်မရသည့် ကစားသမားအများစုကို အသုံးပြုခဲ့ပြီး အမာခံကစားသမားများကို နောက်ပိုင်းမှ လဲလှယ်အသုံးပြုခဲ့သည်။ ဟံသာဝတီအသင်းမှာမူ လူငယ်ကစားသမားများဖြင့် စတင်ပွဲထွက်ခဲ့ပြီး ကိုကိုနိုင်၊ ညီညီအောင်၊ လားဒင်မောရ၊ မျိုးဇော်ဦး၊ အောင်မျိုးသူရ စသည့်ကစားသမားများကို နောက်ပိုင်းမှ လဲလှယ်အသုံးပြုခဲ့သည်။ နှစ်သင်းစလုံး အားကုန်ထုတ်ကစားခဲ့သောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ဂိုးသွင်းခွင့်များလည်း အပြန်အလှန်ဖန်တီးနိုင်ခဲ့ကာ အဆုံးသတ်အားနည်းမှုကြောင့် ဂိုးမရခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းအတွက် အနိုင်ဂိုးကို ပွဲပြီးခါနီးတွင် အောင်အောင်ဦးက သွင်းယူခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် အောက်တိုဘာနောက်ဆုံးပတ်တွင် ခြေစမ်းပွဲသုံးပွဲကစားရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့ပြီး တပ်မတော်ရေ အသင်းကို သုံးဂိုး-ဂိုးမရှိ၊ လာအို ယူ-၁၉ အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရကာ ယခုပွဲတွင် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်း ယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များကို နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်