လေးမျက်နှာ   ၁    နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက် နှာမြို့နယ်၊ သိမ်ကုန်းအုပ်စု၊ ဒေါင့်ကြီးကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) ဖြင့် ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၊ အမှတ်-၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးထင်‌ကျော်နှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူတို့က အမျိုးသားလျှစ်စစ်ဓာတ်အားရရှိ‌ရေးစီမံကိန်း NEP လျှပ်စစ်မီးဖွင့်ပွဲ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက အမှာစကားပြကြားပြီး တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးထင်ကျော်က ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံး လျှပ်စစ်မီး ရရှိရေးအတွက် ပင်မလျှပ်စစ် ဓာတ်အားလိုင်း အနီးအဝေးကိုခွဲပြီး ပထမအဆင့်တွင် နှစ်မိုင်အတွင်းရှိ ကျေးရွာ ၁၂ ရွာတို့ကို လျှပ်စစ်မီးလင်းရေး လုပ်ဆောင်ပေးလျက်ရှိရာ ပထမအဆင့်တွင်ပါဝင်သည့် ကျေးရွာ ၁၂ ရွာအနက် ကျေးရွာ ရှစ်ရွာတွင် လျှစ်စစ်မီးရရှိပြီဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာသကဲ့သို့ ကျေးရွာများတွင် လုပ်ကိုင်လျက်ရှိသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိတဲ့ ကျေးရွာတွေကပြည်သူတွေ အနေနဲ့လျှပ်စစ်မီးကို စနစ်တကျအသုံးပြုနိုင်ဖို့နဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေဖို့အတွက် မြို့နယ်လျှပ်စစ်မှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ အဖွဲ့တွေက ကျေး ရွာတွေအထိ  အသိပညာပေးဟောပြောပွဲတွေ လုပ်‌ဆောင်‌ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူတွေ အနေနဲ့လည်း လျှပ်စစ်မီးကို စနစ်တကျအသုံးပြုခြင်းဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ကျေးရွာမီးလင်းရေးကော်မတီဥက္ကဌ ဦးကြည်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူက လျှပ်စစ်မီးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်)