ပုသိမ် ၁ နိုဝင်ဘာ
၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆု ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ထို့နောက် အမျိုးသား တံခွန်စိုက်ဆုဖလားအား ဝန်ကြီးချုပ်ထံ အပ်နှံခဲ့ပြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ရိုးရာလှေလှော်အသင်းအတွက် များစွာဂုဏ်ယူမိပါကြောင်း၊ အားကစားမြှင့်တင်ခြင်းဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သလို နိုင်ငံတော်ရဲ့ အဆင့်အတန်းကို ပြသနေခြင်းဖြစ်ကြောင်း၊ အားကစားကဏ္ဍမှ တိုင်းဒေသကြီး၏ အဆင့်အတန်းကို မြှင့်တင်နိုင်ရန် ဆက်လက်ကြိုးစားကြဖို့နဲ့ မိမိတို့ အစိုးရအဖွဲ့မှလည်း ပံ့ပိုးနိုင်သည်များကို ကူညီပံ့ပိုးပေးဖို့ အသင့်ရှိနေပါကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ယင်းနောက် အမျိုးသားတံခွန်စိုက်ဆုရ ဧရာဝတီတိုင်းဒေသကြီး အသင်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ (၁၇)သိန်း(၅)သောင်းနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေ (၄၇)သိန်း စုစုပေါင်းငွေကျပ် (၆၄)သိန်း(၅)သောင်း)အား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အသင်းသည် ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၃)ခု၊ ငွေတံဆပ်(၃)ခု၊ ကြေးတံဆိပ်(၁)ခု နှင့် အမျိုးသား တံခွန်စိုက်ဆုဖလား ရရှိခဲ့ကြောင်း သိရသည်။
တိုးဝေဇင်(တိုင်းပြန်ဆက်)


