ကျိုက်လတ် ၁ နိုဝင်ဘာ
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် အစိုးရစက်မှု လက်မှုသိပ္ပံတို့မှ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီး စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အစိုးရစက်မှုလက်မှုသိပ္ပံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူ က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လင်း၍ ဝင်ငွေတိုးပွားစေရန် အဓိကထား၍ ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု သင်တန်းများ ကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အစိုးရစက်မှု လက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်ဟိန်းလတ်ကလည်း အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာလိုပါက တတ်နိုင်သမျှ အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြ ဆရာမ ဒေါ်ကြည်ကြည်ဆွေ က သင်ကြားမည့်အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး သင်ထောက်ကူပစ္စည်းများ ကို ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ် ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ် နှင့် ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်း တို့က သင်တန်းသူများအား ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ကျေးရွာများမှ သင်တန်းသူ ၃၀ တို့ တက်ရောက်ပြီး နိုဝင်ဘာ ၁ ရက် မှ နိုဝင်ဘာ ၃၀ ရက်နေ့ အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ရီရီမြင့် (ပြန်/ဆက်)


