ကျောက်ဆည် ၁ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးရှေ့ မျက်နှာစာတွင် နိုဝင်ဘာ(၁)ရက်၊ နံနက်(၉)နာရီက ဆူညံအိပ်ဇောများ ဖျက်ဆီး ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်က ဆူညံ အိပ်ဇောများ ဖမ်းဆီးဖျက်ဆီးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ရဲအုပ်ကျော်စိုးလွင်က ၎င်းတို့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ဆောင်ရွက်လျှက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြာခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှသာ လုပ်ငန်းများ ပိုမိုအောင်မြင်မှာဖြစ်ကြောင်း ရှင်းလင်းပြေကြားခဲ့သည်။
ဆူညံအိပ်ဇောများဖျက်ဆီးမှုနှင့် ပတ်သက်၍ ပြည်သူ ဦးမျိုးမြင့်ကလည်း “ဆိုင်ကယ်တွေမှာ ဆူညံအိပ်ဇောတွေ ပြောင်းလဲတပ်ဆင်ပြီး အသံဆူညံအောင်လုပ်၍ ဆိုင်ကယ်တွေစီးတာဟာ မြို့ရဲ့ဂုဏ်အင်္ဂါရပ်ကို ကျဆင်းစေသလို သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ ကလေးသူငယ်တွေကိုလည်း ထိန့်လန့်စေပါတယ် ဒါကြောင့် ဆူညံအိပ်ဇောများ ဖမ်းဆီးမယ်ဆိုရင် ကျွန်တော်တို့ ကူညီပါဝင်လို့ရမယ်ဆိုရင် ပူးပေါင်းပါဝင်ဆောင်ရွက်လိုကြောင်း” ၎င်း၏ ရင်တွင်းစကားများ ပြောခဲ့သည်။
ထို့နောက် ဖမ်းဆီးအိပ်ဇော အချောင်းငါးရာကို လမ်းကြိတ်စက်ဖြင့် နင်းကြိတ်ဖျက်ဆီးခဲ့ကြောင်း သိရှိရပြီး ယမန်နှစ်ကလည်း အလားတူ ဆူညံအိပ်ဇော အချောင်း(၅)နီးပါး ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ယာဉ်ထိန်းတပ် ဖွဲ့ဝင်များအနေဖြင့် ဆူညံအိပ်ဇော တပ်ဆင်မောင်နှင်သူများကို ၂၀၁၅-ခုနှစ်၊ မော်တော်ယာဉ်ဥပဒေဖြင့်လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့များ ဥပဒေဖြင့်လည်းကောင်း ထိန်းသိမ်းအရေးယူခဲ့ပြီး ဆိုင်ကယ်များကိုလည်း အသံလုံအိပ်ဇောများ ပြောင်းလဲတပ်ဆင်ပြီးမှသာ ယာဉ်မောင်းသူထံ ပြန်လည်အပ်နှံထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)


