နောင်တရားမြို့ ၁ နိုဝင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ တီကျစ်မျိုးသန့်ခြံ၌ တောင်သူများအား မျိုးကောင်းမျိုးသန့် ရရှိရေးအတွက် စိုက်ပျိုးထားသည့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ယာစပါးခေါင်နှံစိုက်ခင်းသို့ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုသည်။
မျိုးစေ့ထုတ်စိုက်ခင်း၌ တီကျစ်မျိုးသန့်ခြံမှ တာဝန်ခံဦးမြင့်ထွန်း က နေကြာမျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးထားရှိမှု အခြေအနေများနှင့်ယာစပါးခေါင်နှံစိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
အဆိုပါမျိုးစေ့ဌာနခွဲမှ ရရှိလာသည့် မျိုးကောင်းမျိုးသန့်များကို ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ကလောမြို့နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအထိ ဖြန့်ဖြူး ပေးလျက်ရှိကြောင်း မျိုးစေ့ဌာနခွဲတီကျစ်မျိုးသန့်ခြံမှသိရသည်။ ဆက်လက်၍ နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးအသိပညာပေးစင်တာတွင် ကျင်းပပြုလုပ်သည့် အစားထိုးသီးနှံစိုက် တောင်သူများအား ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က အစားထိုးသီးနှံများ စိုက်ပျိုးဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ကွန်ပေါင်းဓါတ်မြေသြဇာကို ပေါ့အင်ကျေးရွာအုပ်စု တောင်သူတစ်ဉီးထံသို့ လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံးကျော်မှ ပေါင်းစည်း လယ်ယာ သဘာဝဓါတ်မြေသြဇာအားမွှေးပြင်ကျေးရွာအုပ်စုမှ တောင်သူတစ်ဦးထံသို့ လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ပုလဲဓါတ်မြေသြဇာကို ပင်ခင်ကျေးရွာအုပ်စု တောင်သူတစ်ဉီးအားလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များမှ ပုလဲဓါတ်မြေသြဇာများကို လွယ်မောကျေးရွာအုပ်စု တောင်သူတစ်ဦးအား လည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွန်ပေါင်းဓါတ်မြေသြဇာ များကို ပေါ့အင်ကျေးရွာအုပ်စုတောင်သူ တစ်ဦးအားလည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့သည်။ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့ ပုလဲဓါတ်မြေသြဇာ ၁၉ အိတ်၊ ကွန်ပေါင်းဓါတ်မြေသြဇာ ၁၉ အိတ်၊ ပေါင်းစည်းလယ်ယာ သဘာဝဓါတ်မြေသြဇာ ၁၀ဝ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် အစားထိုးသီးနှံပင်များ အဖြစ်ပေးအပ်ရန်စိုက်ပျိုးထားသောပျိုးပင်များဖြစ်သည့် လက်ဖက်၊ထောပတ်၊ကော်ဖီပင်များ ကိုလှည့်လည်ကြည့်ရှုပြီး ပင်လောင်းမြို့နယ် ဆောင်းပေါင်ကျေးရွာ၌ အစားထိုးသီးနှံ အဖြစ်စိုက်ပျိုးထားသည့် ထောပတ်စိုက်ခင်းနှင့် နှမ်းလုံးစိုက်ခင်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


