မြောင်းမြ ၁ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြောင်းမြပညာရေးကောလိပ် ၏ နှစ်(၅၀)ပြည့် ရွှေရတု ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းအဝင်မုခ်ဦး၌ ကျင်းပသည်။
ရွှေရတုပွဲတော်ကို မြောင်းမြပညာရေးကောလိပ်တွင် တာဝန်ထမ်းဆောင်ဖူးသော ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရွှေရတု ကမ္ပည်းကျောက်စာကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆွေ က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခြင်း၊ အငြိမ်းစား ကျောင်အုပ်ဆရာမကြီး ဒေါ်ခင်ခင်လေးနှင့် ကျောင်းအုပ်ကြီးတို့က မုဒိတာစကားများ ပြောကြားကာ ပညာရေးကောလိပ် ကျောင်းသား/ကျောင်းသူ လေးများက အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
မြောင်းမြ ပညာရေးကောလိပ်ကို ၁၉၆၉ ခုနှစ်၌ မြောင်းမြ ဆရာအတတ်သင် သိပ္ပံကျောင်းအဖြစ် စတင်ခဲ့ရာမှ ၁၉၉၈ ခုနှစ်တွင် ပညာရေးကောလိပ်အဖြစ် ယနေ့အထိ တိုးမြှင့်ခဲ့ကာ နှစ်(၅၀)ပြည့် ရွှေရတုသို့ တိုင်ခဲ့ပြီ ဖြစ်ပါသည်။
မြောင်းမြပညာရေးကောလိပ် နှစ် (၅၀)ပြည့် ရွှေရတုသဘင်ပွဲတွင် ပညာရေးကောလိပ် သင်တန်းသား သင်တန်းသူများက အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ဈေးရောင်းပွဲတော်များနှင့် သင်ကြားရေး ဌာနအလိုက် စိတ်ဝင်စားဘွယ်ရာ ပြခန်းများ ပြသခြင်း ၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အမှတ်တရ ပုံတူနှင့် လက်ရေးပန်းချီ ဆွဲပေးခြင်းများဖြင့် စည်ကားခမ်းနားစွာ ဆောင်ရွက်ပြသထားပြီး မြို့ပေါ် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာခဲ့ကြကာ ပြခန်းကို နိုဝင်ဘာ ၂ ရက်နေ့အထိ ဆက်လက်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)


