မိုင်းဖြတ် ၁ နိုဝင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီက မိုင်းဟဲကျေးရွာအုပ်စု ဘိုရှီး ကျေးရွာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အေးမင်းဦးက သင်တန်းသားများ သင်တန်းတွင် ပို့ချပေးသော သင်ခန်းစာများနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို လေ့လာမှတ်သား သင်ယူပြီး မိမိရပ်ရွာဒေသတွင် ပြန်လည်အသုံးချနိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြေားကြားခဲ့သည်။
ဆက်လက်၍ ပြန်လည်ထူးထောင်ရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်အောင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ နိုင်ငံတော်မှ မူးယစ်ဆေးဝါးစွဲ လူငယ်များအတွက် မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနေပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းသည် မူးယစ်ဆေးစွဲ လူငယ်များ၏ ဘဝအတွက် တကယ့်အရေးပါတဲ့ သင်တန်းဖြစ်ပါကြောင်း၊ ကျွန်တော်တို့အနေနဲ့ မျိုးဆက်သစ်လူငယ် တွေကို လူညွှန့်တုံးစေမယ့် မူးယစ်ဆေးဝါးအန္တရာယ်မှ တားဆီးကာကွယ်ပေးရန်နှင့် မူးယစ်ဆေးသုံးစွဲ သူများကိုလည်း မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် တစ်နိုင်ငံလုံးအနေနှင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဘိုရှီးကျေးရွာမှ ဒေသခံပြည်သူ ဦးလောတာက ယခုလို သင်တန်းဖွင့်လှစ်ပေးခဲ့သည့်အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အလှူငွေ ကျပ်နှစ်သိန်းကိုလည်းကောင်း၊ မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူငွေ ကျပ်ငါးသောင်းကိုလည်းကောင်း၊ နေမင်းရောင်ဖွံ့ဖြိုးရေးအသင်းမှ အလှူငွေကျပ် ငါးသောင်းကို လည်းကောင်း၊ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အေးမင်းဦးက စာသောက်ဖွယ်ရာများကိုလည်းကောင်း အသီသီးပေးအပ်လှူဒါန်းကြရာ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာမျာကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ သင်တန်းသား ၃၀ အား ကုသရေးဦးစီးဌာနမှ ဆေးဖြတ်ကုသပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသိပညာများပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြစ်သည့် ပိုးဇာပုံနှိပ်အတတ်ပညာ၊ ပလောက်အုတ် အတတ်ပညာ၊ ဘက်စုံဆပ်ပြာဆီလုပ်ငန်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)




