mdn

ရွှေဘို ၁ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့၊ မြို့မစည်ပင်သာဈေးကြီးအတွင်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရွှေဘိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးစားသုံးသူရေးရာ အဖွဲ့တို့သည် ယနေ့ နံနက် ၉ နာရီက အဆိုပါ ဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများအတွင်း အန္တရာယ်ဖြစ်စေသော ဓာတုဆေးဝါးများ မပါရှိစေရေး ရွေ့လျား ဓာတ်ခွဲခန်းယာဉ် (MOBILE LABORATORY)ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

အဆိုပါအဖွဲ့သည် မြို့မဈေးကြီးအတွင်း အသား၊ ငါးဆိုင်များ၊ လက္ဘက်များ၊ ငပိများ၊ အကင်များ၊ ကွမ်းသီးများ၊ မုန့်တီများ၊ လက်လုပ်ချဉ်နှင့် အချဉ်မျိုးစုံများ၊ မျှစ်များနှင့် အခြားအစားအသောက်များတွင် တာရှည်ခံဆေးများပါ ရှိ၊ မရှိ၊ ဖော်မလင် (Formalin) သုံးစွဲထားခြင်း ရှိ၊ မရှိ၊ ယင်မနားဆေးများ သုံးစွဲခြင်း ရှိ၊ မရှိတို့ကို နမူနာများ ဝယ်ယူပြီး ရွေ့လျားဓာတ်ခွဲခန်း ယာဉ်ပေါ်တွင် စစ်ဆေးခဲ့သည်။

 

မြို့မဈေးကြီးအတွင်းမှ အစားအသောက်(၆၆)မျိုးကို ဝယ်ယူစစ်ဆေးခဲ့ရာ ဆိုးဆေးနှင့် စီလီစလစ်အက်စစ် ပါဝင်နေသောသည့် အစားအစာများကို အစား‌အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရုံးချုပ်) သို့ ပေးပို့ပြီး ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ယခုလို ရှောင်တခင် စစ်ဆေးရခြင်းမှာ အများပြည်သူများအား လုံခြုံစိတ်ချရသော အစားအသောက်များကို စားသုံသူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စားသုံးနိုင်ရန် စစ်ဆေးခြင်းဖြစ်ကြောင်း တိုင်းဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒေါက်တာခိုင်အိမွန်ဇော် က ပြောသည်။

 

စိုးသီဟ(ကုန်းဘောင်)

 

mdn

 

mdn