mdn

ပုသိမ် ၁ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ပုသိမ်မြို့နယ်၊‌ ချောင်းသာကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းသာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ်က အခုကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် မြို့နယ်(၂၆)မြို့နယ်တွင် ကလေးစာပေပွဲတော်များကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး ၂၀၂၀ ခုနှစ်၊ ဧပြီလအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊ ယခုကျင်းပသည့် ချောင်းသာကလေးစာပေပွဲတော်သည် ပထမဆုံးကျင်းပသည့် စာပေပွဲတော်ဖြစ်ကြောင်း၊ ကလေးငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ပြီး ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်မှာပါဝင်ဆောင်ရွက်ရမည့် အလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါပြည့်ဝပြီး အနာဂတ်မှာ တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုလာသူများ ဖြစ်လာစေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကလေးစာပေပွဲတော်ကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ချောင်းသာနဲ့‌ ရွှေသောင်ယံမြို့တွေမှာရှိတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် တတ်နိုင်တဲ့ကဏ္ဍအသီးသီးက ဆက်လက်အားပေးကူညီကြဖို့လည်း ဖိတ်ခေါ်စေလိုကြောင်း။

 

တိုင်းရင်းသားပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကြိုးပမ်းရာတွင် လူငယ်များကို ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ကြောင်း၊ ထိုသို့စီစဉ်ဆောင်ရွက်ပေးခြင်းသည် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသ၍ တည်ဆောက်အကောင်အထည် ဖော်ပေးခြင်းပဲဖြစ်ပါကြောင်း၊ ယနေ့ခေတ်လို နည်းပညာမျိုးစုံဖွံ့ဖြိုးတိုးတက်နေသည့် အချိန်ကာလမျိုးတွင် မိမိတို့၏ကလေးငယ်များ၏ အတွေးအခေါ်အယူအဆများ၊ ပြုမူပြောဆိုမှုများ၊ မိမိတို့နိုင်ငံရှိ တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုစရိုက်၊ ယဉ်ကျေးမှုဓလေ့အမွေအနှစ်တွေကနေ ယိမ်းယိုင်ပျက်ယွင်းစေမယ့် နည်းလမ်းတွေကို ကလေးများ အတုမယူမိစေဖို့‌နဲ့ ကလေးငယ်များ စာကြည့်တိုက်ဝန်းကျင်မှာ‌ မွေ့လျော်လာအောင် စည်းရုံးဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမယ့် ကလေးများရဲ့ ပျော်ရွှင်မှုကို စာပေဝန်းကျင်နဲ့ ဖန်တီးပေးဖို့ အဖွဲ့အစည်းအသီးသီးက ပူးပေါင်းပါဝင်ပေးကြရန်လိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူလေးများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပြပွဲ၊ ပြိုင်ပွဲကျင်းပနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

 

အဆိုပါကလေးစာပေပွဲတော်သို့ ပုသိမ်မြို့၊ ချောင်းသာမြို့၊ ရွှေသောင်ယံမြို့နှင့် ငွေဆောင်မြို့များမှ ဆရာ၊ဆရာမများ၊ ကျောင်းသား‌၊ကျောင်းသူများ၊ မိဘများ၊ ဒေသခံပြည်သူများ အင်အားသုံးသောင်းခွဲကျော် တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

 

mdn

 

mdn