နောင်တရား ၁ နိုဝင်ဘာ
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ တီကျစ်မျိုးသန့်ခြံတွင် စိုက်ပျိုးထားသော နေကြာမျိုးစေ့ထုတ်စိုက်ခင်းအား သွားရောက်ကြည့်ရှုရာ တီကျစ်စိုက်ပျိုးရေးဦးစီးဌာနမှ ခြံမန်နေဂျာဦးမြင့်ထွန်းမှ ရှင်းလင်းတင်ပြသည်။
အဆိုပါ နေကြာမျိုးစေ့ထုတ်စိုက်ခင်းသည် စိုက်ဧက(၁၅)ဧကရှိပြီး မျိုးအမည်မှာ ရေဆင်း ၁ စပ်မျိုး နေကြာဖြစ်ပြီး စိုက်နည်းစနစ်တွင် ပန်းကြား ၂.၅' × ပင်ကြား ၉" နှင့် စိုက်ရက်မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာ (၃၀) ရက်တွင် စစိုက်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်တရားမြို့ စိုက်ပျိုးရေးအသိပညာပေးစင်တာတွင် တောင်သူများ၏ လက်ကိုင်ဖုန်းများထဲသို့ စိုက်ပျိုးရေး နည်းပညာသုံး mobile Application ထည့်သွင်းပေးခြင်းနှင့် အစားထိုးသီးနှံ စိုက်တောင်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်ရာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီမှူး ဦးတင်ဦးကြိုင်က အစားထိုးသီးနှံစိုက်ပျိုးထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြီး ထောက်ပံ့ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများမှ ကျူလီယာကွန်ပေါင်းမြေသြဇာ၊ ပေါင်းစည်လယ်ယာ သဘာဝမြေသြဇာများ ပေးအပ်ရာ ပေါ့အင်၊ ပင်ခင်၊ မွေပြင်၊ လွယ်မော်ကျေးရွာ အုပ်စု(၄)ခုတို့မှ ကျေးရွာ(၇၇)ရွာ ကိုယ်စားလက်ခံရယူသည်။ ထို့နောက် တောင်သူများကိုယ်စား တောင်သူဦးခွန်ထွန်းရွှေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူဦးခွန်ထွန်းရွှေ၏ အစားထိုးသီးနှံစိုက်ပျိုးထားသော ထောပတ်နှင့် နှမ်းစိုက်ခင်းသို့ သွားရောက်ကြည့်ရှုကြသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်ခွင့်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လင်ခံကျေးရွာရှိ အစေ့ထုတ်ပြောင်း ရိတ်သိမ်းချွေလှေ့နေမှုကို ကြည့်ရှုကြပြီး ဗန်းမောက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာသို့ရောက်ရှိကာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းမှ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ပျိုးမှုနှင့် ပတ်သက်၍ ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စပါးစိုက်ခင်းအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)




