mdn

နေပြည်တော်   ၂  နိုဝင်ဘာ

 

ပဲခူးမြစ်ကူးတံတား (သန်လျင်အမှတ်-၃)နှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ရန်ကုန် - ဒလ မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းကာလအတွင်း ရေလမ်းကြောင်း သတိ ပေးချက် ထုတ်ပြန်ထားရှိမှုဆိုင်ရာ အစည်းအဝေးကို အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြန်မာဆိပ်ကမ်းအာဏာပိုင် အထွေထွေမန်နေဂျာ ဦးဇော်ထွန်း လွင်က အမှာစကားပြောကြားပြီး ရေကြောင်းဌာနမှူးချုပ် ဦးအောင်ကျော်ထူးက ပဲခူးမြစ်ကူး တံတား(သန်လျင်အမှတ်-၃)၏ တံတားတည်ဆောက်မည့် ရေလမ်းကြောင်းအခြေအနေ၊ ရေကြောင်းပြမှူးကြီး ဦးဝင်းမြင့်အောင်က ရန်ကုန် - ဒလမြစ်ကူးတံတား၏ ရေလမ်းကြောင်း အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

မြန်မာဆိပ်ကမ်းအာဏာပိုင် အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်က "ဒီတံတား နှစ်ခုဟာ အဓိကအရေးကြီးတဲ့ ဒေသတွေကို ဆက်လက်သွားမယ့် တံတားတွေဖြစ်ပါတယ်။ ဒီတံတားတွေ တည်ဆောက်နေတဲ့ ရန်ကုန်မြစ်နဲ့ ပဲခူးမြစ်မှာ ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ ပြည်တွင်းသင်္ဘောတွေ ၂၄ နာရီဖြတ်သန်းတဲ့ ရေလမ်းကြောင်းဖြစ်တဲ့အတွက် တံတား စီမံ ကိန်းလုပ်ငန်းတွေကို အနှောင့်အယှက်မဖြစ်စေဘဲနဲ့ သွားလာနေတဲ့ ရေယာဉ်တွေ အဆင်ပြေ ချောမွေ့နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေကို ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးသွား မှာ ဖြစ်ပါတယ်။" ဟု ပြောကြားသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်အမှတ် - ၃)နှင့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ရန်ကုန် - ဒလ မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းကာလအတွင်း ရေလမ်းကြောင်း သတိပေးချက် ထုတ်ပြန်ချက်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သတင်း စာမျက်နှာဖြစ်သည့် Transcom News Journal Page တွင် ဖတ်ရှုနိုင်ကြောင်း သိရသည်။

 

သန့်ဇော်