တောင်ငူ ၂ နိုဝင်ဘာ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တောင်ငူ ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (တောင်ငူ)၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် တောင်ငူမြို့ ခပေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေး ရာဝန်ကြီး ဒေါ်နော် ပွယ်စေး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့် ညွန့်ဌေး၊ တောင်ငူခရိုင် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမိုးထက်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်းနှင့် နှစ်ထပ်ကွမ်းလူရည်ချွန် ကျောင်းသား ကျောင်းသူလေး များက ကလေး စာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်စျေးရောင်းပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားဒုတိယပိုင်းကို ခပေါင်းခန်းမ၌ ကျင်းပရာ ဖြူးမြို့နယ် ရွှေဖြူးကြယ်စင် ဂီတ ဉယာဉ် တေးဂီတအဖွဲ့မှ ကျောင်းသားကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song တေးသီချင်းကို သီဆို၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဝင်းသိန်းက အနာဂတ်ကို ထုစစ် ပုံဖေါ်မည့် ကလေးများ၏ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးခြင်း သည် ကလေးများအားလုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တတ်စွမ်းသ၍ တည်ဆောက် အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်မား သည့် သားကောင်း သမီးမွန်များ ဖြစ်လာစေရန် ကလေးများ စာပေတွင် မွေ့လျော်ရန် လိုအပ်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်အဆင့်ကလေးစာပေပွဲတော်ကို ပဲခူးတက္ကသိုလ် တွင် ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပနိုင်ခဲ့ပြီး အလားတူ ခရိုင်အဆင့် အနေဖြင့် ပဲခူးခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်၊ မြို့နယ်အဆင့်အနေဖြင့် ပဲခူး၊ နတ်တလင်း၊ ကျောက်တံခါးမြို့နယ်များတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။
အနာဂတ်၏ခေါင်းဆောင်များဖြစ်လာမည့် ကလေးများကို ဉာဏ်ရည် ဉာဏ်သွေး ဗဟုသုတ များထက်မြက်လာစေရန်၊ တီထွင်ဖန်တီးလိုစိတ်များရင့်သန်လာစေရန် ကလေး များ စာပေ နှင့် ရင်းနှီးပြီး စာဖတ်ဝါသနာပါလာစေရန်နှင့် ကလေးများ၏ ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် စာပေတွင် ပျော်ရွှင်လာစေရန် ကျင်းပသည့်ပွဲတော်ဖြစ်ပါကြောင်း၊ ပွဲတော်ကြီး စည်ကားသိုက်မြိုက်စေရေးအတွက် တက်တက်ကြွကြွနှင့် ကဏ္ဍအသီးသီးမှာ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တောင်ငူခရိုင်စီမံခန့်ခွဲမှု ကော်မတီများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များနှင့် ဝိုင်ဝန်း ကူညီကြသူများအားလုံးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဦးအောင်လှထွန်းက ကလေးများအတွက် ဖတ်သင့်သည့် စာ၊ စိတ်ဓာတ်ခွန်အားပေးနိုင်သည့်စာပေများကို ဖတ်ရှုနိုင်ရေးအတွက် ကလေး စာပေများ၊ ကလေးကဗျာများနှင့် ကလေးစာဖတ်ခန်းများ ဖွံဖြိုးလာစေရန် ဝိုင်းဝန်းကူညီ ပေးကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် ဒစ်ဂျစ်တယ် နည်းပညာ ရပ်များ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ကလေးငယ်များ၏အတွေးအခေါ် အယူအဆနှင့် စိတ်ဓါတ် တို့ကို လွဲမှားပျက်ယွင်းစေမည့် အရာများ၏ စိန်ခေါ်မှုသည် နိုင်ငံတကာတွင် ပျံ့နှံ့လျက်ရှိပါကြောင်း၊ ဤအခြေအနေ ကိုရင်ဆိုင်ကျော်လွားရန် အကောင်းဆုံးနည်းလမ်းမှာ ကလေးများအား စာဖတ်ခန်းနှင့် စာကြည့်တိုက်များ အသုံးပြုတတ်သည့် အလေ့အကျင့် ကောင်းများ ရှိလာအောင် ဖန်တီးပေးကြရမည် ဖြစ်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကလေးစာပေပွဲတော်များကို ၂၀၁၆ ခုနှစ်က တည်းက နေပြည်တော်မှစတင်၍ ကျင်းပခဲ့ပြီး နိုင်ငံတော်အဆင့် ခရိုင်အဆင့်နှင့် ဒေသအစီ အစဉ် တို့ဖြင့် ကျင်းပခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လအထိ နိုင်ငံတော်အဆင့် ကလေး စာပေပွဲတော် (၉)ကြိမ်၊ ခရိုင်အဆင့် ကလေးစာပေွေဲတော် (၃၈) ကြိမ်၊ ဒေသအစီအစဉ်ဖြင့် ကလေးစာပေပွဲတော် (၁၁) ကြိမ် ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း နိုင်ငံတော်အဆင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးစိုက်သည့် မြို့ကြီးများဖြစ်သော် လွိုင်ကော်၊ ဘားအံနှင့် ထားဝယ်မြို့များတွင်လည်းကောင်း၊ ခရိုင်အဆင့်ကလေးစာပေ ပွဲတော်ကို ခရိုင်အဆင့်မြို့ကြီး (၁၁)မြို့တို့တွင်လည်ကောင်း ကျင်းပနိုင်ရေးညှိနှိုင်းဆောင်ရွက်နေပါ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရမတည်ငွေဖြင့် မြို့နယ်(၂၆) မြို့နယ်တွင် ကျင်းပရန် စီစဉ် ဆောင်ရွက်လျှက်ရှိပြီး နိုဝင်ဘာ ၁ ရက်က ချောင်းသာမြို့ စတင်၍ ကလေးစာပေပွဲတော်ကို ကျင်းပ လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တောင်ငူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများကဖျော်ဖြေရေးအစီအစဉ်များဖြင့်ဆက်လက် ဖျော်ဖြေကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသ ကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဧည့်သည်တော်များသည် ပွဲတော်အတွင်း အသိပညာပေးပြခန်း၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းများ၊ စာအုပ်ပြခန်း နှင့်စာအုပ် အရောင်းဆိုင်များ၊ စာပေဟောပြောပွဲ၊ ကျပန်း၊ ကဗျာ၊ ပုံပြော၊ အရုပ်ဆက်၊ အိမ်ဆောက်၊ စက္ကူခေါက်၊ စကားပုံဆက်၊ ဆေးရောင်ခြယ်၊ ပန်းချီနှင့် စာဖတ်စွမ်းရည် စသည့် ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ခရိုင် (ပြန်/ဆက်)




