ရန်ကုန် ၂ နိုဝင်ဘာ
မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့မှ ကြီးမှူးကျင်းပသော သွေးတိုးရောဂါလူထု ပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သွေးတိုးရောဂါသည် မည်သူတွင်မဆို ဖြစ်ပွားနိုင်ပြီး ရောဂါဖြစ်ပွားသူများ၏ ငါးပုံတစ်ပုံကသာ ရောဂါဖြစ်ပွား သည်ကိုသိရှိပြီး ကုသမှုကောင်းစွာခံယူကြပါကြောင်း၊ သွေးတိုးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်လျှော့ချနိုင်ရန်အတွက် ဆားနှင့် အဆီကိုလျှော့စားခြင်း၊ ဆေးလိပ် သောက်သုံးမှု ရှောင်ကြဉ်ခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ရှားခြင်း၊ ကိုယ်အလေး ချိန်ထိန်းညှိခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်း၊ စိတ်ဖိအားများ လျော့ကျစေရန် ဆောင်ရွက်ခြင်း၊ သွေးပေါင်ချိန်ပုံမှန် စစ်ဆေးခြင်း စသည်တို့ကို ပြည်သူတစ်ဦးချင်းမှ မိမိကိုယ်တိုင် အသိရှိကာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၉ ဒသမ ၇) သန်းခန့်ရှိသော နိုင်ငံတော်၏ အနာဂတ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများတွင် ကျန်းမာရေးအသိပညာ ကြွယ်ဝ စေရေး၊ ကျန်းမာစွာနေထိုင်စားသောက်ရေးအတွက် ကျောင်းအခြေပြု ကျန်းမာရေး အဆင့်မြှင့် တင်မှုလုပ်ငန်းများကို ဝန်ကြီးဌာနမှ ပထမဦးစားပေးသတ်မှတ်၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊“ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဆောင်ပုဒ်ခေါင်းစဉ်ဖြင့် ပြည်သူ များ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခြင်းဖြင့် ကျန်းမာရေးအဆင့်အတန်း မြင့်မား လာစေရေး လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနှံ့တွင် အရှိန်အဟုန်ဖြင့် ပြုလုပ်လျက်ရှိပါကြောင်း၊ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေး ဌာနများတွင် သွေးချို၊ ဆီးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများအား ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ အခမဲ့စစ်ဆေးကုသပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သွေးတိုးရောဂါ၏ နောက်ဆက်တွဲရောဂါများဖြစ်သော နှလုံးနှင့် နှလုံးသွေးကြောရောဂါများမဖြစ်စေရန် ကြိုတင်ကာကွယ်ကုသမှုလုပ်ငန်း (preventive cardiology) များကိုလည်း လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့နှင့် ဆေးပညာရပ် အဖွဲ့များ၊ နှီးနွှယ်ဆက်စပ် အဖွဲ့အစည်းများနှင့် ပညာရှင်များ အနေဖြင့် ပြည်သူများတွင် သွေးတိုးရောဂါဖြစ်ပွားမှု လျော့ချရေးအတွက် အားလုံးစုစည်းပူးပေါင်း၍ ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း။
ပြည်သူများအနေဖြင့်လည်း မိမိတို့၏ကျန်းမာရေးအတွက် မိမိတို့ကိုယ်တိုင် တာဝန်ရှိ သည်ဟူသော အသိစိတ်ဓာတ်ဖြင့် သွေးတိုးရောဂါဖြစ်ပွားမှုကို ကာကွယ်လျော့ချ ခြင်း နှင့် စောစီးစွာ စစ်ဆေးသိရှိကုသမှုခံခြင်းတို့ကို ဆောင်ရွက်ကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မြင့်ဟန်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့လူထုပညာပေး ဟောပြောခြင်း၊ ဟောပြောမှု အပေါ် တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်းခြင်းနှင့် Health Care Group မှ ကျန်းမာရေး လေ့ကျင့်ခန်းသရုပ်ပြခြင်း တို့ကို ပြုလုပ်သည်။
ဟောပြောပွဲတွင် တက်ရောက်လာသော ပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း အစီအစဉ်ပါဝင်ခဲ့ပြီး သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အဆီဓာတ်စစ် ဆေးပေးခြင်း၊ သွေးတွင်း အချိုဓာတ််စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန် အညွှန်းကိန်း တွက်ချက်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ချေ တွက်ချက်ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယနေ့ မွန်းလွဲပိုင်းတွင် ဆေးသုတေသန ဦးစီးဌာန(ရန်ကုန်) သို့သွားရောက်၍ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီ (၁၃) ရက်မှ (၁၇) ရက်အထိ ကျင်းပသွားမည့် “(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး” သို့ တက်ရောက်ပြီး အမှာစကား ပြောကြားသည်။
ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူက ညီလာခံအတွက်ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့ပြီး နောက် ညီလာခံကျင်းပရေးဆပ်ကော်မတီများအလိုက် တင်ပြခဲ့ကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


