ရန်ကုန် ၂ နိုဝင်ဘာ
ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစိတ်ချရသော သွေးသွင်းကုသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် အမျိုးသားသွေးဌာန (ရန်ကုန်)၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့အစည်းအဝေးသည် ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသောသွေးများရရှိရေးအတွက် မြန်မာနိုင်ငံ၏လက်ရှိ အခြေအနေအရပ်ရပ်ကို လေ့လာဆန်းစစ်ပြီး မိမိနိုင်ငံနှင့်သင့်တော်သော၊ လက်တွေ့လုပ်ဆောင် နိုင်သော နည်းလမ်းများကိုဖေါ်ထုတ်ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း။
အမျိုးသားသွေးဌာန(ရန်ကုန်)အနေဖြင့် ၂၀၁၈-ခုနှစ်အတွင်းသွေးယူနစ်ပေါင်း (၉၆၀ဝ၀) ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးသွေးလှူရှင်အားလုံးမှာလည်းအခကြေးငွေမယူသော မိမိဆန္ဒအလျောက် လှူဒါန်းသောစေတနာရှင် သွေးလှူရှင်များဖြစ်ကြောင်းတွေ့ရှိရသည်မှာ အလွန်ကောင်းမွန်ပါ ကြောင်း၊ အမျိုးသားသွေးဌာန(ရန်ကုန်) တစ်ခုတည်းကောင်းမွန်ဖွံ့ဖြိုးတိုးတက်နေရုံဖြင့် မလုံ လောက်ဘဲ အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများ၏ သွေးဌာနများစနစ်တကျ ကောင်းမွန်ဖွံ့ဖြိုးလာရေးမှာ အထူးအရေးကြီးပါကြောင်း၊နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် လည်း အမျိုးသားသွေးဌာန (ရန်ကုန်)ကဲ့သို့ ခေတ်မီစနစ်ကျသော သွေးဌာနများ ဖွင့်လှစ် သွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်လာကြသူဆေးရုံအုပ် ကြီးများ၊ ရောဂါဗေဒပညာရှင်များနှင့်အတူ အဏုဇီဝပညာရှင်များအားလုံးက မိမိတို့၏ လက်ရှိ အခြေအနေ၊ အားနည်းချက်နှင့်လိုအပ်ချက်များကို လေ့လာသုံးသပ်ဆွေးနွေးတင်ပြရန် လိုအပ်ပါကြောင်း၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းမူဘောင်နှင့်လမ်းပြမြေပုံကိုလည်း ရေးဆွဲတင်ပြစေလိုပါကြောင်း၊ ဘေးအန္တရာယ်ကင်း၍ စိတ်ချရသောသွေးနှင့်သွေးပစ္စည်းများရရှိ သိုလှောင်ဖြန့်ဖြူးသုံးစွဲနိုင်ရေးအတွက်လုပ်ငန်းလမ်းညွှန်များကိုလည်းအမျိုးသားဌာန (ရန်ကုန်) မှဦးစီး၍ပြုစုထုတ်ဝေဖြန့်ဖြူးသွားရမည်ဖြစ်ပါကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘေးအန္တရာယ်ကင်း၍ စိတ်ချရသော သွေးနှင့်သွေးထွက် ပစ္စည်းရရှိအသုံးပြုနိုင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားပြီးဖြစ်သော အမျိုးသားသွေးမူဝါဒ (National Blood Policy) ကိုအစိုးရအဖွဲ့သို့တင်ပြ အတည်ပြု ချက်ရယူ၍ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီး အနေဖြင့် အန္တရာယ်ကင်းစိတ်ချရသော သွေးသွင်းကုသနိုင်ရေးအတွက် မိမိကိုယ်ပိုင်အရေး ကိစ္စသဖွယ် သဘောထားဆောင်ရွက်ကြပြီး ဝန်ကြီးဌာနမှလည်း လိုအပ်ချက်များကို ပံ့ပိုးပေး ပါက မအောင်မြင်နိုင်စရာမရှိပါကြောင်း၊ ပြည်သူလူထုအားလုံး၏ အကျိုးစီးပွားနှင့် ကျန်းမာရေး အတွက်အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်းပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်နှင့် အမျိုးသားသွေးဌာန (ရန်ကုန်) ၏ အကြံပေးပညာရှင် Mr. Hiro Konishi တို့က မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးရုံ (၂၆) ရုံရှိ သွေးဌာနများကို လေ့လာဆန်းစစ်တွေ့ရှိခဲ့မှု အခြေအနေနှင့် ပိုမိုကောင်းမွန်စေရေး အကြံပြုချက်များကို တင်ပြခဲ့ပြီး တက်ရောက်လာသော ဆေးရုံအုပ်ကြီးများ၊ ရောဂါဗေဒပညာ ရှင်များ၊ အဏုဇီဝပညာရှင်များ၊ သွေးဗေဒပညာရှင်များ နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


