မိုင်းဖြတ် ၃ နိုဝင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသစ်တောများ ပြန်လည် ထူထောင်ရေးလုပ်ငန်း စီမံကိန်း (MRRP) အရ နမ့်လုံတောင် ကြိုးပြင်ကာကွယ်တောတွင် စိုက်ပျိုး ထားရှိသည့် စီးပွားဖြစ်(ကျွန်း) စိုက်ခင်းများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က နိုဝင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် မြန်မာနိုင်ငံသစ်တောများ ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြေပုံနှင့်တကွ ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရီထွေးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က နမ့်လုံတောင် ကြိုးပြင်ကာကွယ်တော အကွက်အမှတ်(၂၀)အတွင်း ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ် အလိုက် စိုက်ပျိုးထားရှိသည့် စီးပွားဖြစ်(ကျွန်း)စိုက်ခင်းများ၏ အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက  စီးပွားရေး(ကျွန်း)စိုက်ခင်း စိုက်ပျိုးထားရှိမှု၊ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ အကွက်အမှတ်(၂၀)အတွင်း စီးပွားဖြစ် (ကျွန်း)စိုက်ခင်းများကို ၂၀၁၇ ခုနှစ်တွင် (၅၀)ဧက၊ ၂၀၁၈ ခုနှစ်တွင် (၅၀)ဧကနှင့် ၂၀၁၉ ခုနှစ်တွင် (၅၀)ဧက စုစုပေါင်း ဧက(၁၅၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)