ဘုတလင် ၃ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် ကျေးရွာ(၅၅)ရွာတွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်လျက်ရှိရာ ကျေးရွာ (၂၇)ရွာတွင် လျှပ်စစ်မီးလင်းပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

 

ဘုတလင်မြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် Phase(1) တွင် ကျေးရွာ(၃၂)ရွာအနက်မှ (၂၅)ရွာနှင့် Pilot Project တွင် (၂)ရွာ စုစုပေါင်း ကျေးရွာ (၂၇)ရွာ လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း၊ Phase(1)မှ ကျန်ရှိသည့် ကျေးရွာ(၇)ရွာနှင့် အစားထိုး ကျေးရွာ(၂၁)ရွာကိုလည်း လျှပ်စစ်မီးရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးလှဘော်စံက ပြောသည်။

 

NEP အစီအစဉ်ဖြင့် လျှပ်စစ်မီး ရရှိသည့် ကျေးရွာများတွင် 11KV လျှပ်စစ်မီးလိုင်းကို ကျေးရွာများ အရောက် သွယ်တန်းပေးကာ ထရန်ဖော်မာ တပ်ဆင်ပေးပြီး ကျေးရွာတွင်း လျှပ်စစ်မီးလိုင်းများကို ကျေးရွာ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂ဝ ခုနှစ်အတွင်း (၂)နှစ် စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ဘုတလင်မြို့နယ်တွင် ကျေးရွာ (၁၈၈)ရွာရှိရာ NEP အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိသည့် ကျေးရွာ(၂၇)ရွာအပါအဝင် ကျေးရွာပေါင်း (၁၃၆)ရွာတွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)