ဆင်ပေါင်ဝဲ ၃ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဝါစေ့မြောင်ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာနေပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတို့ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအသေးစား ဓါတ်အားပေးစနစ်ဖြင့် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးအတွက် မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Off-Grid)အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဝါစေ့မြှောင်ကျေးရွာသည် အိမ်ခြေ(၁၂၀)၊ လူဦးရေ(၃၃၆၈)ရှိကာ မဟာဓါတ်အားလိုင်းနှင့် (၁၀)မိုင်နှင့်အထက် ဝေးကွေားပြီး လူမှုရေးခက်ခဲသည့် ကျေးရွာလေးတစ်ရွာ ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာနေပြည်သူများနှင့် မန္တလေးရိုးမ ကုမ္ပဏီတို့ပူးပေါင်းပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအသေးစား ဓါတ်အားပေးစနစ်ဖြင့်အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောပြသည်။

 

 

အဆိုပါ ဝါစေ့မြှောင်ကျေးရွာ လျှပ်စစ်မီးရရှိရေးကို ကမ္ဘာ့ဘဏ်၊ ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်မှု (GIZ)တို့မှ နည်းပညာပံ့ပိုးပေးပြီး မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP Off-grid)ဖြင့် အမေရိကန်ဒေါ်လာ (၃၀၇၉၂၇) အကုန်ကျခံကာ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် မန္တလေးရိုးမကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ဆိုလာ ၇၀ ဒသမ ၄ ကီလိုဝပ်၊ ဂျင်နရေတာ ၆၀ ကေဗွီအေ ဆိုလာ-ဒီဇယ်ပေါင်းစပ်စနစ် အမျိုးအစားကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၂

 

အဆိုပါ မီးလင်းရေးဆောင်ရွက်ပြီးစီပါက ကျေးရွာနေပြည်သူများအတွက် ၂၄ နာရီ လျှပ်စစ်ဓါတ်အား ရရှိမည်ဖြစ်ပြီး ယခင်ကထက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များ ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်းနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်လာနိုင်မှာ ဖြစ်ကြောင်း ကျေးရွာနေပြည်သူများထံမှ သိရသည်။

 

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တို့တွင် မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Off-Grid) ဆိုလာအသေးစား ဓါတ်အားပေးစနစ်ဖြင့် စပါးရင်းတွင်းကျေးရွာနှင့် လယ်မကျေးရွာတို့တွင် အချိန်ပြည့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။  

 

သန်းလွင်(မကွေး)