ရန်ကုန်  ၃  နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လမ်းအန္တရာယ် လျှော့နည်းကျဆင်းရေးအတွက် မြန်မာနိုင်ငံယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့ ( MORS ) မှဦးစီး၍ သတ္တမအကြိမ် ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက်နံနက်က အ.ထ.က ( ၆ ) ဗိုလ်တထောင် အောင်ကျော်ခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိူင်မော်ဦး နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Counselor ဖြစ်သူ Mr.Takimi တို့က အမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့( MORS ) မှ ဒုတိယဥက္ကဌ ဒေါက်တာနေစိုးမောင် က ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပရခြင်းကို ရှင်းလင်းပြောကြားသည် ။

 

ထို့နောက် မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့( MORS ) အတွက် အလှူငွေကျပ် ( ၁၀ ) သိန်း နှင့် အ.ထ.က ( ၆ ) ဗိုလ်တထောင် ကျောင်းအတွက် အလှူငွေကျပ် ( ၅ ) သိန်းတို့ကို SAT Japan Road Service Co;Ltd မှ ပေးအပ်လှူဒါန်းသည် ဆက်လက်၍ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမူတွင် ပါဝင်ကူညီပံ့ပိုးပေးကြသည့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ထို့နောက် SAT JapanRoad Service Co;Ltd အမှုဆောင်အရာရှိချုပ် Mr.Yamaguchi က ကျေးဇူးတင်စကား ပြောကြားသည် ။

 

ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုကို နိုဝင်ဘာ ( ၄ ) ရက်မှ ( ၈ ) ရက်နေ့ထိ ရန်ကုန်မြို့တွင်း၌ တစ်ရက်လျှင် ( ၇ ) နေရာခွဲ၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရေးအတွက် ပညာပေးလှုပ်ရှားသွားမည်ဖြစ်သည်။

 

အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး Fukuoka City , JICA ( မြန်မာ ) တို့၏ လမ်းညွှန်မှုဖြင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများတို့၏ ပံပိုးမှုဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည် ။

 

သတင်းစဉ်