ရန်ကုန် ၃ နိုဝင်ဘာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် အားကစားရုံ၌ အောင်ဆန်းရုပ်ရှင် ရိုက်ကူးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ပြုပြင်မွမ်းမံလျက်ရှိသည့် အမျိုးသား ဇာတ်ရုံ (ရန်ကုန်)ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးအား Project Manager Mr. Yongyue Wang က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က မြေဧရိယာအကျယ်အဝန်း ၈ ဒသမ ၅၁၄ ဧကရှိသည့် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၏ ယခုတည်ရှိနေရာသည် ရှေးယခင်က လေဟာပြင်ဇာတ်ရုံဆိုပြီး တည်ရှိခဲ့ပါကြောင်း၊ ၁၉၈၅ ခုနှစ် မတ်လက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတကြီး လီရှန်နင့်က အမျိုးသားဇာတ်ရုံကို မေတ္တာလက်ဆောင်အဖြစ် တည်ဆောက်ပေးခဲ့သည့် အတွက် ၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ အမျိုးသား ဇာတ်ရုံ(ရန်ကုန်)ပြုပြင်မွမ်းမံတည်ဆောက်ခြင်းကို အကြောင်းပြု၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုများ အဓွန့်ရှည် ခိုင်မြဲပါစေကြောင်း၊ နှစ်နိုင်ငံရှိ နိုင်ငံအကြီးအကဲများ၊ နိုင်ငံသူ နိုင်ငံသားများ၏ ဆွေမျိုး ပေါက်ဖော် အပြန်အလှန် ရင်းနှီးရိုင်းပင်းမှုများသည် အဓွန့်ရှည် ခိုင်မြဲပါစေကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် က ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက Beijing Construction Engineering Group Co., Ltd မှ တာဝန်ရှိသူများအား သစ်သီးခြင်း လက်ဆောင်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြုပြင်မွမ်းမံ နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါအမျိုးသားဇာတ်ရုံ(ရန်ကုန်)ကို ပြုပြင်မွမ်းမံမှု စီမံကိန်းစတင်ချိန်မှာ ၂၀၁၉ ခုနှစ် သြဂုတ် ၁၀ ရက်ဖြစ်ပြီး ၂၀၂၁ ခုနှစ် သြဂုတ် ၉ ရက်တွင် ပြုပြင်မွမ်းမံမှု စီမံကိန်းပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
(သတင်းစဉ်)


