မန္တလေး  ၃   နိုဝင်ဘာ

 

နိုင်ငံတော်မှ အခွန်စည်းကြပ်မှုအား လျော့ပေါ့သတ်မှတ်ပေးခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အိမ်ခြံမြေ ရာဖြတ်စံနှုန်းများကို တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် အိမ်ခြံမြေ ဝယ်ယူသူ ပြည်သူများအတွက် အကျိုးခံစားရမှု နည်းပါးကြောင်း ဖိုးလမင်း အိမ်ခြံမြေ အထွေထွေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏစိုးက ပြောကြားသည်။

 

အိမ်ခြံမြေအား ဝယ်ယူပြီး မိမိ အမည်ပေါက် ပြုလုပ်ရာတွင် သက်ဆိုင်ရာ အခွန်ဌာနမှ ဝယ်ယူသည့် အိမ်ခြံမြေတန်ဖိုးကို သတ်မှတ်ပေးပြီး အဆိုပါသတ်မှတ်လိုက်သည့် ရာဖြတ်တန်ဖိုးများအတိုင်း နိုင်ငံတော်သို့ တရားဝင်အခွန် ပေးဆောင်ရသည်ဖြစ်ရာ ၎င်းရာဖြတ်တန်ဖိုးမှာ နေရာဒေသအလိုက် ထိုက်သင့်သော ဈေးနှုန်းများထက် ပိုမိုတိုးမြင့်သတ်မှတ်ခဲ့ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများနှင့် အမှန်တကယ် ဝယ်ယူသူများအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 

ေ

 

 

''အခွန်စည်းကြပ်မှုကို တစ်ကျပ်ကနေ သိန်းတစ်ထောင်အထိကို သုံးရာခိုင်နှုန်းနဲ့ နိုင်ငံတော်က အခွန်ဆောင်ဖို့ လျော့ပေါ့ သတ်မှတ်ပေးခဲ့ပေမယ့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ အိမ်ခြံမြေရာဖြတ်စံနှုန်း တွေကို နေရာဒေသ ပေါ်မူတည်ပြီး ယခင် နှုန်းထားတွေထက် ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဟာ အရောင်းအဝယ်လုပ်ငန်းမှာ သက်ရောက်မှုအားနည်းသလို အိမ်ခြံမြေဝယ်ယူတဲ့ ပြည်သူတွေ အတွက်လည်း လျော့ပေါ့ပေးတဲ့ အခွန်စည်းကြပ်မှုအပေါ်မှာ အကျိုးခံစားရမှု နည်းပါးနေတယ် '' ဟု ၎င်းက ပြောသည်။

 

ေ

 

 

မန္တလေးမြို့မှ အိမ်ခြံမြေအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးကလည်း '' အခွန်ဌာနက သတ်မှတ်ပေးတဲ့ ရာဖြတ်တန်ဖိုးအတိုင်း ကျသင့်တဲ့ အခွန်ကို နိုင်ငံတော်ကို ပေးဆောင်ရမှာဖြစ်တဲ့အတွက် ရာဖြတ်တန်ဖိုးကို လျော့ချပေးမှ ရင်းနှီးမြှုပ်နှံသူတွေလည်း လာရောက်နိုင်မှာ ဖြစ်သလို နိုင်ငံတော်အတွက်လည်း အခွန်ဝင်ငွေတွေ အမှန်တကယ် တိုးတက်ရရှိမှာ ဖြစ်ပါတယ် '' ဟု သုံးသပ်ပြောကြားသည်။

 

လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများနှင့် အိမ်ခြံမြေအကျိုးဆောင်အသင်းများ ပူးပေါင်းကာ ရာဖြတ်တန်ဖိုးများအား လျော့ချပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)